မြန်မာနိုင်ငံအတွက် နောက်ဆုံးအားကိုးစရာက ဒေါ်အောင်ဆန်းစုကြည်ပဲလား။

0
1859

စာချစ်သူတို့ ဘယ်လိုထင်လဲ။ ကျွန်မကိုယ်ကျွန်မတော့ ဒီမေးခွန်းမေးခဲ့တာ နှစ်တွေကြာခဲ့ပြီ။ ကျွန်မတို့ အတွေးမှာတော့ သူဟာ ကျွန်မတို့အတွက် တစ်ဦးတည်းသောအလင်းပေးမယ့်သူလို့ ယုံကြည်နေမိတယ်။ အဲဒီလို ယုံကြည်ပြီး အားကိုးနေတာကြောင့်ပဲ ကျွန်မတို့တွေ ကိုယ်တိုင်အားစိုက်ထုတ်မှုနည်းလာခဲ့တယ် ထင်ပါတယ်။ တစ်ခါတရံမှာတော့ ကျွန်မတို့တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးတွေ ထောင်ပေါင်းများစွာရှိမယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူလဲ။ သူရဲ့တည်ငြိမ်ပြီး ကြည်ညိုဖွယ်ရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို ကျော်ပြီးကြည့်လိုက်ပါ။ သူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်မဲ့ခဲ့ရတဲ့သူ၊ ခင်ပွန်းသည်ရဲ့ နောက်ဆုံးအချိန်ကို မမြင်တွေ့ခဲ့ရတဲ့သူ၊ သားနှစ်ယောက်နဲ့ ဝေးနေတဲ့ မိခင်တစ်ယောက်ရဲ့ လူ့သဘာဝစိတ်ခံစားချက်တွေကို မြင်တွေ့နိုင်ပါတယ်။ ကျွန်မတို့နဲ့ ဘာမှမကွာခြားပါဘူး။

သူလည်း ချစ်တတ်တဲ့လူတစ်ယောက်ပါ။ ၁၉၆၉ ခုနှစ်က နယူးယောက်မြို့ ကုလသမဂ္ဂမှာ အလုပ်လုပ်ခဲ့စဉ်တုန်းကပေါ့။ အင်္ဂလန်မှာကျန်ခဲ့တဲ့ သူ့အနာဂတ်ခင်ပွန်းဖြစ်မယ့် ချစ်သူထံ နေ့စဉ်စာရေးခဲ့တယ်လေ။ အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေ ရှားပါးတဲ့ခေတ်မှာတောင် long distance relationship ကိုထိန်းသိမ်းနိုင်ခဲ့တယ်။ ပြီးတော့ အားလုံးသိကြတဲ့အတိုင်း မိုက်ကယ် အဲရစ်(Michael Aris) နဲ့ပဲ ၁၉၇၁ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ကြတယ်။ မိုင်ကယ်က ကျွန်မတို့အတွက်တော့ လူမျိုးခြားလူဖြူတစ်ယောက်ပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ အပြင်ပန်းကွာခြားနေတဲ့ အရေပြားအရောင်တွေအောက်က ဖြူစင်ပြီး ပြည့်စုံတဲ့ ချစ်ရသောလူသားတစ်ဦးလို့ပဲ မြင်ပါတယ်။ လူတွေဘယ်လိုပဲမြင်မြင်ပါ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးသမီးကတော့ ဘာသာချင်း၊ လူမျိုးချင်းတူမှ ပေါင်းသင်းရမယ်ဆိုတဲ့ တားမြစ်ချက်တွေအားလုံးကို ကျော်လွှားပြီး အချစ်စစ်ကို ရှာဖွေခဲ့တဲ့လူတစ်ယောက်ဆိုတာကို ငြင်းလို့ရမယ်မထင်ပါဘူး။

သူမဟာ သားကောင်းနှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မတို့အပါအဝင် မြန်မာနိုင်ငံသားတွေက သူ့ကိုမလုယူခင်အထိတော့ သူမဟာ အိမ်ရှင်မကောင်းတစ်ယောက်၊ ဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဒီမိုကရေစီဆိုတာ သူမရဲ့ယုံကြည်ချက်။ အကြမ်းမဖက်ရေးနဲ့ ငြိမ်းချမ်းရေးတွေက သူမရဲ့ လုပ်ဆောင်ချက်တွေပါ။ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ရရှိလာဖို့ သူရည်ရွယ်ပြီးသွားနေတာပါ။ ကျွန်မတို့ကိုအမြဲဟောပြောနေတာတွေက တာဝန် ဝတ္တရား နဲ့ ဥပဒေ (Law and Order) အကြောင်းအရာတွေပါ။

သူမ ဘဝကို (၁၅)နှစ်ပတ်လုံး အကျယ်ချုပ်ချခဲ့တဲ့ စစ်အစိုးရနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ခွင့်လွှတ်ခြင်းဆိုတဲ့ သင်ခန်းစာကိုပေးနေသူ..

ဉာဏ်နီ ဉာဏ်နက် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြတဲ့ ယောကျာင်္းပေါင်းများစွာနဲ့ ဉာဏ်ပညာချင်း စီးချင်းထိုးနေသူ…

အရာအားလုံးကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက်  ပေးဆပ်လှုပ်ရှားနေသူ…

ကိုယ်ကျင့်တရားစောင့်ထိန်းမှုနဲ့ ပတ်သက်ရင်တော့ သူမဟာကျွန်မအတွက် အာဇာနည်တစ်ယောက်ပါပဲ။

ဈေးထဲမှာ ငါးရောင်းတဲ့ဈေးသည်နှစ်ဦး ကိုယ့်ဖောက်သည်သူ့ဖောက်သည် လုနေတာတွေ့တော့ ကျွန်မဝမ်းနည်းမိပါတယ်။ ဘတ်စ်ကားပေါ်မှာ ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မလေးတစ်ယောက်ကို နိုင်ထက်စီးနင်းပြုမူဆက်ဆံနေတာတွေ့တော့ ကျွန်မစိတ်မကောင်းဖြစ်မိတယ်။

ဒီငါးရောင်းတဲ့ဈေးသည်တွေနဲ့ ဘက်စ်ကားပေါ်ကစုံတွဲတွေက “အမေစုကို ချစ်တယ်”ဆိုပြီး လူအုပ်ကြားထဲမှာ ကြိုဆိုနေပုံတွေက ကျွန်မကို ပိုပြီးဝမ်းနည်းစေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့တွေအားလုံးက သူတော်ကောင်းအယောင်ဆောင်တွေပါလားလို့ နားလည်လာပါတယ်။

ကျွန်မတို့ အမေစုကိုတစ်ကယ်ချစ်ကြတာလား။ သူမရှေ့မှာသူမကို ချစ်ကြောင်းအော်နေမယ့်အစား ကျွန်မတို့ လက်တွေ့လုပ်ပြသင့်တာပေါ့။ လက်တွေ့လုပ်ပြတာက ဆန္ဒထုတ်ဖော်တာတွေထက် ပိုပြီး ပြင်းထန်တယ်  အရာရောက်တယ် ဆိုတာ အားလုံးအသိပဲလေ။

သင်က ကျောင်းသူတစ်ဦးဆိုရင် စာမှာအာရုံစိုက်ပြီး ရလာဒ်ကောင်းတွေရအောင် ကြိုးစားဖို့  သင်တာဝန်ရှိတယ်။ ချစ်သူစုံတွဲတွေကလည်း ဘာသာတွေလူမျိုးတွေ ခွဲခြားမနေဘဲ တစ်ဦးနဲ့ တစ်ဦးချစ်ချစ်ခင်ခင်နေဖို့၊ တစ်ယောက်နဲ့ တစ်ယောက်လေးစားတန်ဖိုးထားဖို့ တာဝန်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကို မိန့်ခွန်းတွေ၊ ဆုံးမတာတွေ အမြဲတမ်း ပေးနိုင်မှာ မဟုတ်ဘူးလေ။ သူမရှိတော့တဲ့တစ်နေ့ကျရင် ကျွန်မတို့တွေက သူမမိန့်ခွန်းတွေထဲက သူတော်ကောင်းတရားတွေ၊ လမ်းစဉ်တွေ၊ ဥပဒေ နာခံမူ၊ တာဝန် ဝတ္တရား သိတတ်မူ အစရှိတဲ့ အရည်အသွေးကောင်းတွေကို ကျွန်မတို့နောင်လာနောက်သားတွေအတွက် လက်ဆင့်ကမ်းရမှာပါ။ တိုးတက်သောနိုင်ငံဆီသို့ ဆက်ပြီးဦးဆောင်နေရမှာပါ။ ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကျွန်မတို့ စိတ်နှလုံးထဲ၊ သင့်စိတ်နှလုံးထဲ၊ အားလုံးရဲ့စိတ်နှလုံးထဲမှာ ရှင်သန်နေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် နောက်ဆုံးအားကိုးစရာက ဒေါ်အောင်ဆန်းစုကြည်လား… ပြန်လည်သုံးသပ်ရအောင်။ မှန်ကန်တဲ့ကြိုးစားအားထုတ်မူ  ရှိခဲ့မယ်ဆိုရင် သင်လည်းဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်သလို ကျွန်မလည်း ဒေါ်အောင်ဆန်းစုကြည်ဖြစ်နိုင်ပါတယ်။ ပြီးတော့ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တွေ အများကြီးရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းတောင် ဒီလောက်ကြီးမားတဲ့ ပြောင်းလဲမှုတွေ၊ နိုင်ငံ့ဂုဏ်ဆောင်မှုတွေ ယူဆောင်ပေးနိုင်တယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တွေ အများကြီးရှိမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။

အမေစုကို လေးစားအားကျတယ်၊ ချစ်တယ်ဆိုတဲ့အကြောင်း ဒီစာစောင်လေးကို SHARE ပြီး သက်သေပြလိုက်ပါ။