ငွေကို စနစ်တကျနဲ့ လက်ထဲမှာကျန်အောင် စုနိုင်ဖို့ ရှိထားသင့်တဲ့ အမူအကျင့်လေးများ

blank

           အပြောလွယ်သလောက် အလုပ်ခက်တာက “ငွေစုခြင်း” ပါ။ ငွေစုပေမဲ့ စုထားတဲ့ထဲက သုံးမိတာတွေ၊ ငွေစုဖို့တောင် မပိုတော့တာတွေကလည်း အမြဲလိုလိုဖြစ်နေကျ ပြဿနာတွေပါ။ ဒီတော့ ငွေကို စနစ်တကျနဲ့ လက်ထဲမှာကျန်အောင် စုနိုင်ဖို့ အရင်ဆုံးရှိထားသင့်တဲ့ အမူအကျင့်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ်ရမယ်။ အသုံးမလိုတော့တဲ့ပစ္စည်းတွေကို အလျင်စလိုမလွှင့်ပစ်ဘဲ အခြားနည်းလမ်းနဲ့ ပြန်လည်အသုံးပြုတတ်ရမယ်။ ဒါမှ မကုန်သင့်တာမကုန်ဘဲ အပိုငွေစုဆောင်းနိုင်မှာ ဖြစ်ပါတယ်။

၂။ အိမ်အတွင်းက ပျက်နေတာလေးတွေကို ကိုယ်တိုင်ပြင်တတ်အောင် လေ့လာထားရပါမယ်။ ဒါမှ ပျက်တာတွေကို ကိုယ်တိုင်ပြင်နိုင်ပြီး ပြင်ဆင်ခနဲ့ ပစ္စည်းအသစ်ဝယ်ခတွေ သက်သာမှာဖြစ်ပါတယ်။

၃။ အိမ်နဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ထားရမယ်၊ ပစ္စည်းတွေကို ဘယ်နေရာမှာ ဘာထားတယ်ဆိုတာ သိထားရမယ်။ ဒါမှ ပစ္စည်းပျောက်လို့ ပြန်ဝယ်ရတာတွေ မရှိတော့မှာပါ။

၎။ အိမ်ထမင်း၊ အိမ်ဟင်းကိုပဲ စားတတ်သလို၊ ချက်တတ်ဖို့လည်းလိုပါတယ်။ အပြင်မှာ ဝယ်စားရတာက ချက်စားရတာထက် စရိတ်စကပိုကုန်ပါတယ်။ ဟင်းတစ်ခါချက်ထားပြီး တစ်ရက်တည်းနဲ့မကုန်ရင်လည်း ရေခဲသေတ္တာထဲမှာ သေသေချာချာသိမ်းထားပြီး နောက်ရက်ထပ်စားတော့ ပိုပြီးအကုန်အကျသက်သာပါတယ်။

၅။ အိမ်မှာ တစ်ခုခုပျက်သွားရင် အလွယ်တကူပြင်နိုင်အောင် tool kits လေးတွေ၊ မတော်တဆထိခိုက်မိပြီး ဒဏ်ရာအသေးစားလေးတွေရရင် ကိုယ်တိုင်ဆေးထည့်နိုင်အောင် first aid kits လေးတွေ ဆောင်ထားရပါမယ်။

၆။ အိမ်ရဲ့ နိစ္စဓူဝကိစ္စတွေကို ကောင်းစွာစီမံနိုင်ရပါမယ်။ အိမ်ကိစ္စတွေကို ကောင်းစွာစီမံနိုင်တယ်ဆိုရင် တစ်လတစ်လ ဝင်ငွေထွက်ငွေကိုလည်း ကျွမ်းကျင်စွာစီမံကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

၇။ အဝတ်ဗီရိုတွေကို သန့်ရှင်းသပ်ရပ်စွာထားတတ်ရပါမယ်။ အဝတ်လေးတွေက လျှော်ဖွပ်မီးပူတိုက်ပြီး သပ်ရပ်နေတယ်ဆိုရင် အမြဲတမ်းသစ်လွင်နေပြီး အပြင်သွားခါနီးတိုင်းဝတ်စရာမရှိတာ၊ အဝတ်အစားအသစ်တွေ ဝယ်ချင်စိတ်ဖြစ်တာတွေကို တားဆီးပေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ ငွေစုတော့မယ်ဆိုရင် ပစ္စည်းတစ်ခုခုကို ဝယ်ချင်စိတ်ပေါ်လာတိုင်း မဝယ်ဘဲစုမယ်ဆိုတဲ့စိတ်အဖြစ် ပြောင်းလဲပစ်တတ်ဖို့လိုပါတယ်။ ဒါမှ ငွေကို စနစ်တကျစုဆောင်းနိုင်မှာပါ။

၉။ သူငယ်ချင်းတွေနဲ့ ဆုံဖို့အစီအစဉ်ရှိတယ်ဆိုရင် အပြင်ဆိုင်တွေမှာ သွားမစားဘဲ အိမ်မှာပဲ စားဝိုင်းသောက်ဝိုင်းလုပ်ရင်းတွေ့ဆုံကြပါ။ ဒါမှ အပြင်ဆိုင်တွေမှာ ကုန်မယ့်ငွေတွေကို ချွေတာနိုင်မှာပါ။

၁ဝ။ အသုံးစရိတ်တွေအားလုံးကို စာရင်းနဲ့မှတ်ထားတတ်တဲ့အကျင့်ရှိဖို့လိုပါတယ်။ တစ်လတစ်လ ဘယ်လောက်ကုန်လဲပြန်နှိုင်းယှဉ်ကြည့်ပါ။ ပြီးရင် ဘယ်နေရာတွေမှာ အသုံးစရိတ်ကို ပိုချွေတာနိုင်သေးလဲဆိုတာ ဆန်းစစ်ပါ။

သင်တကယ်ငွေစုချင်ပြီဆိုရင် အပေါ်မှာ ပြောထားတဲ့အချက်လေးတွေကို အရင်လိုက်နာပါ။ ဒါဆိုရင် အလိုလိုငွေစုပြီးသားဖြစ်သွားပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။