သင့်အိမ်မက်တွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်များ – အပိုင်း – (၁)

blank

လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ အိမ်မက်ပေါင်း ၁၄၆ဝ မက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဆိုထားပါတယ်။ ဒါဟာ တစ်ညမှာ အိမ်မက် လေးခုလောက် မက်တဲ့သဘော ပါပဲ။

အောက်ဖက်မှာ ဖော်ပြထားတာတော့ ကျွန်မတို့ မက်လေ့မက်ထရှိတဲ့ အိမ်မက်တွေနဲ့ သူတို့နောက်ကွယ်က အဓိပ္ပါယ် လေးတွေအကြောင်း ပါပဲ။

၁။ အမြင့်ပေါ်က ပြုတ်ကျတယ်လို့ အိမ်မက်မက်တာမျိုး။

ဒီလိုအိမ်မက်မျိုးကတော့ ကိုယ့်ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးကြုံနေရတဲ့ အချိန်မှာ မက်နိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဒီလိုအိမ်မက်မျိုး မက်တဲ့သူတွေဟာ အောက်ခြေထိ ထိရိုက်မိတယ်ဆိုတာ သိပ်ကို ရှားပါတယ်။ နိုးလာတဲ့ အချိန်ထိ ထပ်ကာထပ်ကာ ပြုတ်ကျနေတာမျိုးပဲ မက်တတ်ကြပါတယ်။ ဒါဟာ ကိုယ့်စိတ်ကို နောက်ပြန်ဆွဲစေတဲ့ အရာမျိုးတွေကို စိတ်ထဲက အပြီးအပိုင် ထုတ်ပယ်ပစ်ဖို့ အချိန်တန်နေပြီ ဆိုတဲ့ သဘောလေးပါပဲ။

၂။ တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်နေတာကို မက်တာမျိုး။

အိမ်မက်ထဲမှာ တစ်စုံတစ်ယောက်ရဲ့ နောက်ယောင်ခံတာမျိုး ခံရတာကတော့ သင်ရင်မဆိုင်ချင်လို့ ရှောင်လွှဲနေတဲ့ အရာတစ်ခုကို ရင်ဆိုင်ရတော့မယ် ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတဲ့ စိတ်တွေကို တွန်းလှန်ဖို့ ကြိုးစားနေခိုက်မှာ ဒီလိုအိမ်မက်မျိုး မက်တတ်ပါတယ်။ နောက်တစ်မျိုး ဖြစ်နိုင်တာက တစ်စုံတစ်ခုက သင့်ကို နာကျင်စေတော့မှာမို့ ကြောက်ရွံ့နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ လူတွေ အများကြီးရှိတဲ့ အခန်းထဲမှာ ကိုယ်က အဝတ်ဗလာ ဖြစ်နေတာမျိုး။

ဒီလို အဝတ်ဗလာ ဖြစ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ကို လူတွေကြည့်မှာ ရှက်ရွံ့နေတတ်ပါတယ်။ ဒီလို ဖြစ်ရတာဟာ ကိုယ့်မှာ ရှိတဲ့ လျို့ဝှက်ချက်တစ်ခုကို လူသိမှာ စိုးနေတဲ့ အခြေအနေမျိုး ကြုံနေရလို့ပါ။ ဒီလိုအိမ်မက်မျိုး ကျွန်မတို့ အတော်များများ မက်ဖူးကြပါတယ်။ ဒီလိုကြုံနေရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာအောင် ပြန်တည်ဆောက်ဖို့ လိုသလို အခြားသူတွေရဲ့ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုနေပြီ ဖြစ်ပါတယ်။

၎။ ကောင်းကင်မှာ ပျံသန်းနေတာမျိုး။

ဒီလို အိမ်မက်မျိုးက သင်လွတ်လပ်မှု တစ်စုံတစ်ရာ မျှော်လင့်နေတဲ့ အခါမျိုးမှာ မက်နိုင်ပါတယ်။ သင့်ကို ကန့်သတ်ထားတဲ့ ဘောင်တွေထဲက ရုန်းထွက်ချင်နေတဲ့ အချိန်မျိုးတွေမှာ မက်တဲ့ အိမ်မက်မျိုးပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုး ဖြစ်နိုင်တာကတော့ မကြာသေးခင်အချိန်က သင်အောင်မြင်မှုတစ်ခုခု ရထားပြီး လောကကြီးကို အပေါ်စီးကနေ ငုံ့ကြည့်နေတဲ့ ခံစားမှုမျိုးလည်း ဖြစ်နိုင်ပါတယ်။

၅။ စိတ်ကူးယဉ်စရာကောင်းတဲ့ အိမ်မက်လေးမက်တာမျိုး။

ဒီလို အိမ်မက်ထဲမှာ ချစ်သူနဲ့ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းနေတာမျိုး မက်တာဟာ ကိုယ်တစ်ယောက်တည် အထီးကျန်နေလို့ ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် အခြားသူတစ်ယောက် ရဲ့ ဖေးမမှု လိုအပ်နေတာမျိုး ကို ဖော်ပြနေတာပါပဲ။ ကိုယ့်ကိုယ်ကို ပိုပြီးနားလည်နိုင်အောင် ကြိုးစားနေရတဲ့ အခါမျိုးမှာလည်း ဒီလိုအိမ်မက်မျိုး မက်နိုင်ပါတယ်။

ကဲ သင့်သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးဖို့ မမေ့နဲ့အုံးနော်။

သင့်အိမ်မက်တွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်များ – အပိုင်း – (၂) လေးကိုတော့ နောက်အပတ်မှာ ဆက်လက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်အားပေးလိုက်ပါအုံးနော်။