ကြွယ်ဝချမ်းသာလိုပါသလား။ ဒီနည်းလမ်းလေးတွေ လိုက်နာကြည့်ပါ။

blank

လောကမှာ ငွေးကြေးဥစ္စာ မပြည့်စုံချင်သူဆိုတာ မရှိသလောက်ပါပဲ။ သို့ပေမယ့် တစ်ချို့လူတွေက ပြည့်စုံကြွယ်ဝနေပြီး တစ်ချို့က ဆင်းရဲချို့တဲ့နေကြတာကတော့ ငွေကို ဘယ်လို စီစစ်သုံးစွဲလဲ၊ ရှာဖွေထားသမျှကို ဘယ်လို ထိန်းသိမ်းလဲ ဆိုတာတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။

အောက်ဖက်မှာတော့ ငွေကြေးပြည့်စုံကြွယ်ဝသူတို့ မှာ တွေ့ရတဲ့ အမူအကျင့် တစ်ချို့ကို ကိုးကားပြီး သူတို့လိုပဲ ငွေအစုအဆောင်း ကောင်းစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကို ဂန္ထဝင်ပရိသတ်ကြီးအတွက် ဖော်ပြပေးထားပါတယ်။

၁။ အသေးစား အသုံးစရိတ်လေးတွေက အစ ဂရုတစိုက် သုံးစွဲသင့်ပါတယ်။

လူတော်တော်များများဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့၊ အသုံးစားရိတ်တွေကိုပဲ စီစစ်သုံးစွဲသင့်တယ်လို့ ထင်တတ်ကြပါတယ်။ တစ်ကယ်တော့ အသေးစား အသုံးစားရိတ်လေးတွေကို စီစစ်မသုံးစွဲဘူးဆိုလည်း ကြာလာတာနဲ့အမျှ ကြီးမားတဲ့ ယိုစိမ့်မှုတွေ ဖြစ်လာပြီး စီးပွားပျက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အသေးစား အသုံးစားရိတ်လေးတွေ ကအစ စီစစ်သုံးစွဲ သင့်ပါတယ်။

၂။ ငွေကို လတ်တစ်လော ပျော်ရွှင်မှုထက် ရေရှည်အတွက် အသုံးဝင်မယ်ဆိုမှ သုံးပါ။

ကိုယ်လိုချင်တဲ့ အရာတစ်ခုရဖို့အတွက် ဘယ်လောက်ပဲကုန်ကုန် သုံးပစ်လိုက်မယ် ဆိုတဲ့လူတွေ အများကြီးပါ။ ဝင်ငွေထက် သုံးစရိတ်က များနေလည်း ဂရုမစိုက်ကြသူတွေပေါ့။ ဒါဟာ ငွေကြေးအဆင်မပြေစေတဲ့ အဓိက အကြောင်းအရင်းပါပဲ။ ငွေကြေးစီစစ်တတ်သူတွေကတော့ ဝင်ငွေနဲ့ အသုံးစားရိတ်ကို အမြဲချိန်ညှိပြီး လတ်တစ်လော စိတ်ချမ်းသာမှု ထက် ရေရှည် အကျိုးဖြစ်ထွန်းမယ်၊ အသုံးဝင်မယ် ဆိုမှ သုံးစွဲတတ်ကြပါတယ်။ ဒါဟာ အတုယူသင့်တဲ့ အမူအကျင့်ကောင်း တစ်ခုပါပဲ။

၃။ ငွေကို ကိုယ်တစ်ကယ် မလိုအပ်ဘဲ အခြားသူတွေအထင်ကြီးဖို့ သက်သက် မသုံးစွဲသင့်ပါဘူး။

ကျွန်တော်တို့အားလုံး ကိုယ့်ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံတွေကို အခြားသူတွေက အထင်ကြီးအားကျတာကို နှစ်သက်ကြပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဆိုပေမယ့် အဲဒီအပေါ် သာယာပြီး မလိုအပ်ဘဲ သူများ အထင်ကြီးဖို့သက်သက် သုံးဖြုန်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါဟာ သိပ်ကို အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့် ငွေကြေးစီစစ်တတ်သူတွေဟာ ကိုယ်တစ်ကယ် မလိုအပ်ပဲ ငွေကို ဘယ်တော့မှ မဖြုန်းတီးတတ်ပါဘူး။ ဒါဟာသူတို့တွေကို ငွေကြေးအကြပ်အတည်း မကြုံစေမယ့် အဓိက သော့ချက်တစ်ခုပါပဲ။

၎။ ဘယ်နေရာမှာ သုံးသင့်တယ်။ ဘယ်နေရာမှာတော့ မသုံးသင့်ဘူးဆိုတာ ကို ခွဲခြားသိပါ။

အခုခေတ်မှာ ခေတ်မှီပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းတွေကလည်း ပေါများလာတာကြောင့် ငွေဆိုတာ စုဆောင်းဖို့ထက် သုံးစွဲချင်စရာတွေ၊ ဝယ်ချင်စရာတွေက ပိုများလာပါတော့တယ်။ ဒါပေမယ့် ငွေကြေးစီစစ်တတ်သူတွေဟာ သူတို့ဝင်ငွေ ဘယ်လောက်ရှိပြီး ဘယ်အရာတွေကိုတော့ သုံးစွဲသင့်တယ်။ ဘယ်အရာတွေကိုတော့ မသုံးစွဲသင့်ဘူးဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ ဒါဟာ လူတိုင်းမှာ ရှိသင့်တဲ့ အမူအကျင့်ကောင်း တစ်ခုပါပဲ။

၅။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါ။

အောင်မြင် ချမ်းသာနေတဲ့သူတွေဟာ ဘာမှမလုပ်ဘဲတော့ ချမ်းသာမလာပါဘူး။ သူတို့ ဒီလိုအခြေအနေရောက်လာရတဲ့ အကြောင်းအရင်းကတော့ သာမန်လူတွေထက် ပိုပြီး အလုပ်ကို လေးလေးစားစားနဲ့ ကြိုးစားအားထုတ်ကြတာပါပဲ။ ဒါကြောင့် အောင်မြင် ချမ်းသာချင်တယ်ဆိုရင်တော့ ခုချိန်ကစပြီး ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ ကြိုးစားအားထုတ်မှုတွေရဲ့ ရလာဒ်က ကိုယ့်နောက်က ကပ်လျက် ပါလာပါလိမ့်မယ်။

၆။ ဝင်ငွေရဲ့ ရာခိုင်နှုန်း အတော်များများကို စုဆောင်းပါ။

ငွေကြေးကြွယ်ဝ ချမ်းသာတဲ့သူတွေကို အသုံးအဖြုန်းကြီးတယ်လို့ ထင်ကောင်းထင် နေပါလိမ့်မယ်။ အဲဒီ ထင်မြင်ချက်က အပြည့်အဝ မမှန်ကန်ပါဘူး။ ချမ်းသာနေတယ်ဆိုတာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။ ချမ်းသာကြွယ်ဝသူတွေဟာ သူတို့ဝင်ငွေရဲ့ ရာခိုင်နှုန်း အတော်များများကို စုဆောင်းပြီးမှ သုံးစွဲတတ်ကြပါတယ်။ ဒါကြောင့် သင်ရှာဖွေထားတဲ့ ငွေတွေကို စုဆောင်းဖို့မမေ့ပါနဲ့။ ဒီလို စုဆောင်းတတ်တဲ့အကျင့်လေး ရသွားမယ်ဆို သင်ဘယ်တော့မှ ငွေပြတ်တယ်ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ ဈေးသုံး မလွယ်သင့်ပါဘူး။

ငွေစုဆောင်းကောင်းသူတွေဟာ ဘယ်လောက်ပဲ ငွေကြေးပြည့်စုံနေပါစေ ဈေးသုံးတဲ့အခါ ဘယ်တော့မှ အလွယ်မသုံးဘူး။ ပစ္စည်းနဲ့ ဈေးသင့်မသင့် အမြဲ ချိန်ဆပြီးမှ သုံးတတ်တယ်။ ဈေးဆစ်ရမှာ ၊လျှော့ဈေး မေးဝယ်ရမှာကို ရှက်ရွံ့ခြင်းမရှိပါဘူး။ ဒါဟာလည်း အတုယူသင့်တဲ့ အမူအကျင့်လေး တစ်ခုပါပဲ။

၈။ စုဆောင်းထားတဲ့ ငွေကို သင့်တော်သလို စီမံခန့်ခွဲပါ။

ငွေကို သင့်တော်သလို ရင်းနှီးမြှပ်နှံ နိုင်ခြင်းက ငွေကြေးကြွယ်ဝ ချမ်းသာခြင်းရဲ့ လျို့ဝှက်ချက်တစ်ခုပါပဲ။ ငွေကိုသာ စနစ်တကျ စီမံခန့်ခွဲ တတ်မယ်ဆို တစ်ကျပ်ကနေလည်း တစ်ရာဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ စီမံခန့်ခွဲနိုင်တဲ့ ညဏ်ရည်ညဏ်သွေးအပေါ်မှာ မူတည်ပြီး အကျိုးရလာဒ်တွေ ပြောင်းလဲသွားမှာပါ။

၉။ စုပြီးကျန်တဲ့ငွေကို ပဲ လောက်ငှအောင် သုံးစွဲပါ။

သာမန်လူတွေက အသုံးစားရိတ်တွေအားလုံး နှုတ်ပြီးသွားမှ ကျန်တဲ့ငွေကို စုပါတယ်။ သို့ပေမယ့် ဝါရန် ဘားဖတ် (Warren Buffet) ကတော့ ” သုံးပြီးကျန်တဲ့ငွေကိုမစုနဲ့။ စုပြီး ကျန်တဲ့ငွေကိုပဲ စေ့ငှအောင် သုံးစွဲပါ”လို့ ပြောခဲ့ပါတယ်။ တစ်ကယ် အသုံအစွဲစီစစ်တဲ့ ငွေကြေး စုဆောင်းကောင်းသူတွေက ဒီနည်းလမ်းကို အပြည့်အဝ လိုက်နာကြပါတယ်။

၁ဝ။ ငွေယိုပေါက် သေးသေးလေးတွေကို ဂရုတစိုက် ဖာထေးပါ။

ငွေကြေး စုဆောင်းကောင်းသူတွေဟာ ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာနေပါစေ မလိုအပ်တဲ့ အသုံးစားရိတ်တွေကို ဘယ်တော့မှ မသုံးပါဘူး။ တတ်နိုင်သမျှ မကုန်သင့်တာ မကုန်စေဖို့ စိစစ်တတ်ကြပါတယ်။ ဘန်ဂျာမင် ဖရန်ကလင်(Benjamin Franklin) ပြောခဲ့သလိုပေါ့။ ” မပြောပလောက်တဲ့ ယိုစိမ့်မှုလေးတစ်ခုက သဘောင်္တစ်စီးလုံးကို ဆုံးဆုံး မြှပ်စေနိုင်တယ် ” ဆိုတာကို သူတို့ ကောင်းကောင်းနားလည်တယ်။ ဒါကြောင့် ငွေကို အမြဲတမ်း ကိစ္စသေးသေးလေးတွေက အစ စီစစ်သုံးစွဲသင့်ပါတယ်။

အထက်ပါ အချက်လေးတွေကို ဂရုတစိုက်နဲ့ လိုက်နာနိုင်မယ်ဆိုရင်တော့ မကြာတော့တဲ့ ကာလအတွင်း သင်ဟာ ငွေကြေးနဲ့ပတ်သက်ပြီး ပူပင်စရာမလိုတော့ တဲ့ ဘဝတစ်ခုပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။