ပေးဆပ်ရမယ့် တန်ဖိုး

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ သူပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ပတ်သက်ပြီး ကျေနပ်ရောင့်ရဲမှုမရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့။ တစ်ခါမှာတော့ တိုင်းခန်းလှည့်လည်နေခိုက်မှာ အလုပ်လုပ်ရင်း သီချင်းတွေကို ပျော်ရွှင်စွာ ဟစ်အော်သီဆိုနေတဲ့ အလုပ်သမားလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။

ဒီအခါမှာ ဘုရင်ကြီးက “ရေမြေ့သခင် ရှင်ဘုရင်ကြီးဖြစ်တဲ့ ငါကတောင် ပျော်ပျော်ရွှင်ရွှင်မရှိတာကို သူ့လို အစေခံလေးတစ်ယောက်က ဘာလို့များ ဒီလောက်ပျော်နေရသလဲ” ဆိုပြီး အံ့အားသင့်သွားပါတယ်။ ဒါကြောင့် အလုပ်သမားလေးကို “မင်းမှာ ပိုင်ဆိုင်မှုဆိုလို့လည်း ဘာမှမရှိဘဲနဲ့ ဘာလို့ပျော်နေတာလဲ” လို့မေးလိုက်တာပေါ့။

ဒီအခါမှာ အလုပ်သမားလေးက “ဟုတ်ပါတယ်။ ကျွန်တော့်မှာ ပိုင်ဆိုင်မှုဘာမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တစ်မိသားစုလုံးက နေစရာ၊ စားစရာလေးရှိရင်ကို ကျေနပ်ရောင့်ရဲနိုင်ကြပါတယ်ဗျ” လို့ပြန်ဖြေပါတယ်။

ဘုရင်ကြီးကတော့ ဒီအဖြေနဲ့ပတ်သက်ပြီး စိတ်မကျေနပ်ဘူးပေါ့။ ဒါကြောင့် သူ့ရဲ့ အယုံကြည်စိတ်အချရဆုံး ပညာရှိအမတ်တစ်ယောက်ကို အကြောင်းစုံရှင်းပြပြီး မေးမြန်းမိပါတော့တယ်။ ဒီအခါမှာ အမတ်ကြီးက “အရှင်မင်းကြီးဘုရား၊ အရှင့်ရဲ့ အလုပ်သမားလေးဟာ ပိုင်ဆိုင်မှု ၉၉အဖွဲ့ဝင်မဖြစ်သေးလို့ပါ”လို့ပြန်ဖြေပါတယ်။

ဘုရင်ကြီးက “ပိုင်ဆိုင်မှု ၉၉ အဖွဲ့ဆိုတာ ဘာလဲ အမတ်ကြီးရဲ့” လို့ မေးလိုက်တာပေါ့။

ဒီအခါမှာ အမတ်ကြီးက “အရင်ဆုံး အလုပ်သမားလေးရဲ့ အိမ်ရှေ့မှာ ရွှေဒဂါင်္း ၉၉ ပြားထည့်ထားတဲ့အထုပ်ကို သွားချထားလိုက်ပါ။ အရှင်မင်းကြီး သိလာပါလိမ့်မယ်” လို့အမတ်ကြီးကဖြေပါတယ်။

သိချင်စိတ်ပြင်းပြနေတဲ့ ဘုရင်ကြီးကလည်း ညတွင်းချင်းပဲ အလုပ်သမားလေးအိမ်ရှေ့မှာ ရွှေထုပ်သွားထားခိုင်းလိုက်တာပေါ့။ အလုပ်သမားလေးဟာ မနက်မိုးလင်းလို့ အိမ်ရှေ့က အထုပ်ကြီးကို တွေ့တဲ့အခါမှာ အိမ်ထဲကို ယူဝင်သွားပါတယ်။ အိတ်ကိုဖွင့်ကြည့်လို့ ရွှေတွေအများကြီးတွေ့တဲ့အခါမှာတော့ ပျော်ရွှင်မှုနဲ့ အော်ဟစ်လိုက်ပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြီးတော့ ရွှေဒင်္ဂါးတွေကို စတင်ရေတွက်ကြည့်ပါတော့တယ်။ အခါပိုင်းများစွာ ထပ်တလဲလဲရေတွက်လို့အပြီးမှာ ၉၉ပြားပဲ ရှိတယ်ဆိုတာ သိလိုက်ရတော့ သူအံ့သြသွားပြီး “ဒင်္ဂါးတစ်ပြားဘယ်ရောက်သွားပါလိမ့်။ ဘယ်သူကမှတော့ တစ်ပြားတည်းကပ်ကပ်သပ်သပ်မသုံးထားနိုင်ပါဘူး”  ဆိုပြီး ထပ်ရှာဖွေနေပါတော့တယ်။

ရှာရင်းရှာရင်းနဲ့ မတွေ့နိုင်တဲ့ အဆုံးမှာတော့ အလုပ်တွေပိုကြိုးစားပြီး ရွှေဒင်္ဂါးအပြားတစ်ရာဖြစ်အောင် အလုပ်ကြိုးစားပြီး ရွှေဒင်္ဂါးတစ်ပြားကို ရအောင်စုတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီနေ့ကစပြီးတော့ အလုပ်သမားလေးရဲ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ အလုပ်တွေကို မနားမနေလုပ်လာတယ်။ သူ့မိသားစုကိုလည်း ဒီရွှေဒင်္ဂါးတစ်ရာပြည့်အောင်လုပ်ဖို့ မကူညီရကောင်းလားလို့ ဆူပူနေပါတော့တယ်။ အလုပ်လုပ်နေစဉ်မှာလည်း သီချင်းဆိုနေတာတွေမရှိတော့ပါဘူး။

ဒါတွေကို မြင်တွေ့နေရတဲ့ ဘုရင်ကြီးဟာ ပိုမိုသိချင်စိတ်တွေပြင်းပြလာပြီးတော့ ပညာရှိအမတ်ကြီးကို ဆင့်ခေါ်ပြီး ဘာဖြစ်လို့လဲလို့ မေးလိုက်ပါတော့တယ်။ ဒီအခါမှာ အမတ်ကြီးက “အလုပ်သမားလေးက ပိုင်ဆိုင်မှု ၉၉ အဖွဲ့ဝင်ဖြစ်သွားလို့ပါ” လို့ပြောလိုက်ပါတယ်။

“ဒီလိုပါ အရှင်မင်းကြီး။ လောကမှာ ပိုင်ဆိုင်မှုတွေ အလုံအလောက်ရှိနေပြီးပေမယ့် ရောင့်ရဲမှုမရှိဘဲ ရွှေဒင်္ဂါးအပိုလေးတစ်ပြားရဖို့ ကြိုးစားနေတဲ့ အလုပ်သမားလေးလို လူတွေအများကြီးရှိပါတယ်။ သူတို့ကိုယ်သူတော့ ဒါလေးရရင်တော့ ကျေနပ်ပါပြီ၊ ရောင့်ရဲပါပြီဆိုပြီး လိမ်လည်နေကြတာပေါ့။ ဒီတစ်ခုရပြီးတော့လည်း နောက်တစ်ခုထပ်ရဖို့ ကြိုးစားရင်း သံသရာလည်နေကြတာပါ” လို့ပြန်ဖြေလိုက်ပါတော့တယ်။

တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ဘဝထဲက အသေးအဖွဲအရာလေးတွေနဲ့တောင်မှ ပျော်ရွှင်နိုင်ကြပါတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့အရာတစ်ခုရလိုက်ပြီဆိုတာနဲ့ ထပ်ပြီး လိုချင်တပ်မက်စိတ်တွေဖြစ်လာပြီး အိပ်ရေးတွေပျက်လာမယ်၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာမယ်၊ ကိုယ့်အနားက ကိုယ်ဂရုစိုက်တဲ့သူတွေကို ထိခိုက်လာစေမယ်။ ဒီအရာတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ၊ လိုအင်တွေရရှိဖို့ ကြိုးစားရာမှာ ပေးလိုက်ရတဲ့တန်ဖိုးတွေပါပဲ။ ပြီးရင်တော့ ကျွန်တော်တို့ဟာ ပိုင်ဆိုင်မှု ၉၉ အဖွဲ့ဝင်ဖြစ်သွားပါပြီ။

စာချစ်သူတို့လည်း ဒီစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။