ပျံသန်းရင်း အတောင်ကျိုးတဲ့ငှက်လို ဖြစ်ခဲ့ရတဲ့ဘဝကနေ ကျွန်မဘယ်လိုရှေ့ဆက်သွားရမလဲ…

blank

ကျွန်မနာမည်က ခင်ထွေးပါ။ ကျွန်မက ပညာရေးမှာ ထူးချွန်တဲ့သူတစ်ယောက် မဟုတ်ခဲ့တဲ့အတွက် တက္ကသိုလ်ဝင်တန်းကို အောင်မြင်အောင် မဖြေဆိုနိုင်ခဲ့ပါဘူး။ ကျွန်မကတော့နောက်တစ်ကြိမ်ထပ်ဖြေချင်တာပေါ့။ ဒါပေမဲ့ ဘဝက ကျွန်မကို အခြေအနေမပေးခဲ့ပါဘူး။ ကျွန်မအဖေနဲ့ အမေက အသက်အရွယ်ကြီးရင့်ပြီလေ။ အစ်မတစ်ယောက်ရှိပေမယ့် သူကလည်း အိမ်ထောင်ကျပြီး ရန်ကုန်မှာနေထိုင်နေတာမို့ အလုပ်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ရပါတော့တယ်။ အလုပ်လုပ်မယ်ဆိုပေမယ့် ဘွဲ့ရတွေတောင် အလုပ်ရှားပါးနေတဲ့ခေတ်ကြီးထဲမှာ ဆယ်တန်းတောင်မအောင်တဲ့ ကျွန်မအနေနဲ့ အလုပ်ရဖို့က မလွယ်ကူခဲ့ပါဘူး။

ဒါနဲ့ပဲ အစ်မဆီမှာနေပြီး အစ်မသွင်းပေးတဲ့ အထည်ချုပ်စက်ရုံမှာပဲ အလုပ်လုပ်ခဲ့ပါတော့တယ်။ အစ်မအိမ်ကနေအလုပ်ဆင်း၊ အားတဲ့အချိန်မှာ တူလေးနှစ်ယောက်နဲ့ ကစား၊ အစ်မကိုကူရင်းနဲ့ အစပိုင်းမှာတော့ အရာအားလုံးဟာ ပျော်စရာအတိပြီးခဲ့ပါတယ်။ ကျွန်မခဲအိုရဲ့  တပ်မက်နေတဲ့အကြည့်တွေ၊ လူလစ်ရင်လစ်သလို ထိကပါး ရိကပါးလုပ်တတ်တာတွေကို ရှောင်ရ၊ တိမ်းရတာတွေက လွဲရင်ပေါ့။ အစ်မကိုပြောပြမယ်လို့ စိတ်ကူးပေမယ့် သူတို့လင်မယားကွဲသွားရင် ကျွန်မတူလေးနှစ်ယောက်နဲ့ စီးပွားရှာမကျွမ်းတဲ့အစ်မ ဘယ်လိုရုန်းကန်နိုင်ပါ့မလဲဆိုတာ တွေးရင်း အရာအားလုံးကို မြိုသိပ်ထားခဲ့ပါတယ်။ အဆောင်မှာနေမယ်စိတ်ကူးပေမယ့် ကျွန်မရောက်လာလို့ အပျော်ကြီးပျော်နေတဲ့အစ်မကို ဘယ်လိုအကြောင်းပြချက်နဲ့ ပြောင်းမယ်ပြောရမလဲဆိုတာရယ်၊ ကျွန်မလစာကလည်း အဆောင်မှာနေဖို့လောက် မလုံလောက်တာကြောင့် အစ်မယောကျာ်းအပြုအမူတွေကို လျစ်လျူရှုရင်း နေထိုင်ခဲ့ရတာပေါ့။ ကျွန်မမှာက ချစ်သူလည်း ရှိတယ်လေ။ ကျွန်မတို့နှစ်ယောက်က စက်ရုံဝန်ထမ်းဘဝတူတွေမို့ လက်ထပ်နိုင်ဖို့ စုဆောင်းနေကြတာပါ။ ချစ်သူနှစ်ဦး တွေ့ဆုံရချိန်ဆိုတာကလည်း ရှားပါးလွန်းတာမို့ ဒီခဏတာလေးကို စိတ်ညစ်စရာတွေပြောပြီး သူ့ကိုပါ အပူမပေးချင်ဘူးလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုနဲ့ပဲ တစ်ရက်မှာတော့ ကလေးတွေကျောင်းပိတ်ရက်မှာ ကျွန်မအစ်မ ဘုရားဖူးထွက်တုန်း ကျွန်မ ခဲအိုက ကျွန်မကို အတင်းကြံခဲ့ပါတယ်။ နင့်အစ်မကို ပြန်ပြောရင် နင့်အစ်မကိုရော၊ နင့်ကိုပါ အိမ်ကနေ နှင်ချမယ်တဲ့လေ။ ကျွန်မချစ်သူကိုပြောပြချင်ပေမယ့် သူက ကျွန်မခဲအိုကို ကိုယ်ထိလက်ရောက်တစ်ခုခု လုပ်ခဲ့ရင် ကျွန်မအစ်မနဲ့ တူလေးတွေပဲ ဒုက္ခရောက်မှာလေ။ ပြီးတော့ ဒီအကြောင်းကို သိသွားလို့ အစွန်းအထင်းဖြစ်သွားတဲ့ ကျွန်မကို လက်မခံနိုင်ဘဲ ထားခဲ့ရင်ကော။ တစ်ဘဝလုံးစာ ရည်ရွယ်ပြီး ချစ်ခဲ့ရတဲ့သူမို့ သူနဲ့ မဝေးကွာချင်တာတော့ အမှန်ပါပဲ။

အခုဆိုရင်လေ ကျွန်မခဲအိုက ကျွန်မကို သူ့သားမယားလိုသတ်မှတ်ပြီး မကြာခဏ ကျွန်မအခန်းထဲ ဝင်ဝင်လာတတ်လို့ ညဖက်တွေဆို ကျွန်မမှာ အမြဲစိတ်ခြောက်ခြားနေရပါတယ်။ အစ်မကိုလည်း ပြောဆိုတိုင်ပင်လို့မရတဲ့အခြေအနေမလား။ ချစ်သူနဲ့တွေ့ရတဲ့ ခဏတာအချိန်တွေမှာလည်း အရင်လိုကြည်နူးပျော်ရွှင်စိတ်တွေမရှိတော့ဘဲ သူကျွန်မကို လက်ခံနိုင်ပါ့မလား။ သိသွားရင် ကျွန်မကို စွန့်ပစ်ထားခဲ့မလားဆိုတဲ့ အတွေးတွေပဲ ခေါင်းထဲဝင်နေပါတော့တယ်။ နယ်ပြန်ရင်ကော ကျွန်မအဖေနဲ့ အမေက ဒီကိစ္စကြီးကို လက်ခံနိုင်ပါ့မလား။ ကျန်းမာရေးလည်း သိပ်မကောင်းတဲ့သူတွေမို့ စိုးရိမ်ရပါတယ်။ ပြီးတော့ နယ်မှာကော ပညာမရှိတဲ့ ကျွန်မအတွက် အလုပ်ရနိုင်ဖို့ လွယ်ပါ့မလား။ ကျွန်မဘာဆက်လုပ်ရမလဲ…