ကုလားအုတ်တစ်ရာကို ထိန်းဖို့ထက် ပိုခက်တဲ့ ဘဝပြဿနာတွေကို ရင်ဆိုင်ကြရာဝယ်

blank

တစ်ခါတုန်းက ရာဂျာစသန် (Rajasthan) ပြည်နယ်မှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရလို့ ကိုယ့်ဘဝကိုကိုယ် အကြီးအကျယ်စိတ်ပျက်နေတဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။

တစ်နေ့မှာတော့ သူတော်စင်တစ်ပါးဟာ အခြွေအရံတွေနဲ့အတူ သူနေတဲ့ မြို့ကိုရောက်လာတယ်ဆိုတဲ့သတင်းကို သူကြားခဲ့တယ်။ ဒါနဲ့ပဲ သူဟာ သူ့ဘဝရဲ့ပြဿနာတွေအတွက် အဖြေတောင်းဖို့အတွက် အဲ့ဒီသူတော်စင်ဆီကို ဒုန်းစိုင်းပြေးတော့တာပေါ့။

သူတော်စင်ကြီးကို တွေ့တဲ့အခါ “အရှင်ဘုရား တပည့်တော်ဟာ ဘဝမှာ အမြဲတမ်းစိတ်ဆင်းရဲနေရပါတယ်။ အလုပ်မှာ ပြဿနာတက်လိုက်၊ ကျန်းမာရေးတွေထိခိုက်လိုက်၊ မိသားစုတွေကြားမှာ ပြဿနာတက်လိုက်နဲ့ အမြဲတမ်းပူလောင်နေရပါတယ်။  ဒါကြောင့် ပြဿနာတွေအားလုံး အဆုံးသတ်သွားပြီး ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝတစ်ခုရနိုင်စေမယ့် နည်းလမ်းလေးကို လမ်းပြပေးတော်မူပါ ဘုရား” လို့ အပူတပြင်းတောင်းဆိုတော့တယ်။

ဒီအခါမှာ သူတော်စင်က ပြုံးလိုက်ပြီးတော့ ” ဟုတ်ပြီ ဒကာ။ ဒကာ့ပြဿနာတွေအတွက် ဖြေရှင်းနည်းကို မနက်ဖြန်မနက်ကျ ပြောပြပါ့မယ်။ ဒါပေမဲ့ အခုစောင့်နေတဲ့အချိန်မှာ အလုပ်လေးတွေနည်းနည်းကူလုပ်ပေးနိုင်မလား” လို့မေးလိုက်ပါတယ်။

သူကလည်း သူ့ပြဿနာတွေကို ဖြေရှင်းပေးမယ့် သူတော်စင်ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒါလေးတော့ကူညီပေးလိုက်ပါ့မယ်လို့ တွေးပြီး သဘောတူလိုက်ပါတော့တယ်။

အဲ့ဒီအခါမှာ သူတော်စင်က “ဇောင်းထဲမှာ ကုလားအုတ်တွေ ရာပေါင်းများစွာရှိပါတယ်။ အဲ့ဒီကုလားအုတ်တွေကို ထိုင်အောင်လုပ်ပြီး သူတို့အားလုံးထိုင်သွားပြီဆိုတာနဲ့ သင်လည်း အိပ်စက်ပါတော့” လို့ပြောပြီး တဲဆီ ပြန်သွားခဲ့ပါတော့တယ်။

သူကတော့ ကုလားအုတ်တွေကို ထိုင်သွားအောင် ကြိုးစားရင်း ကျန်နေရစ်ခဲ့တာပေါ့။

နောက်တစ်နေ့မနက်ရောက်တော့ သူတော်စင်ကြီးက သူ့ဆီရောက်ရှိလာပြီး “ညက ကောင်းကောင်းရရဲ့လား” လို့ မေးပါတယ်။ ဒီအခါမှာ သူဟာ ဝမ်းပမ်းတနည်းနဲ့ “ညက တစ်ရေးတောင်မအိပ်ခဲ့ရပါဘူး အရှင်ဘုရားရယ်။ တပည့်တော် တစ်ညလုံး ကုလားအုတ်တွေထိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တချို့ကုလားအုတ်တွေက ထိုင်နေတဲ့အချိန်မှာ တချို့ကတော့ ထိုင်အောင်အတင်းလုပ်တာတောင် မထိုင်ပါဘူး။ တစ်ကောင်ထိုင်တာနဲ့ တခြားတစ်ကောင်က ထရပ်တော့တာပဲ” လို့ပြောလိုက်ပါတယ်။

ဒီအခါမှာ သူတော်စင်က

“ဒကာကြီးရေ ဒကာကြီးတစ်ခုသတိထားမိလား

  • တချို့ကုလားအုတ်တွေက  ဒကာကြီး မထိုင်ခိုင်းဘဲနဲ့ သူ့ဘာသာသူထိုင်သွားခဲ့ကြလိမ့်မယ်။
  • တချို့ကုလားအုတ်တွေကတော့ ဒကာ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ထိုင်သွားခဲ့ကြလိမ့်မယ်။
  • တချို့တွေကတော့ တကာကြီး ဘယ်လောက်ပဲ ကြိုးစားပြီး ထိုင်ခိုင်းထိုင်ခိုင်း မထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းကျတော့လည်း ညောင်းပြီး ထိုင်သွားကြတာပဲ မဟုတ်လား” လို့မေးလိုက်ပါတယ်။

ဒီအခါမှာ သူက “မှန်ပါတယ်။ အရှင်ဘုရား။ အဲ့ဒီလိုပါပဲ” လို့ပြောလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတော်စင်က ” ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကလည်း ဒီလိုပါပဲ။

  • တချို့ပြဿနာတွေဟာ သူ့ဘာသာသူ ရှင်းလင်းသွားမယ်။
  • တချို့ပြဿနာတွေကတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကြောင့် ဖြေရှင်းနိုင်သွားမယ်။
  • တချို့ပြဿနာတွေကကျတော့ ကြိုးစားအားထုတ်ရင်တောင် ရှင်းလင်းသွားမှာမဟုတ်ဘဲ အချိန်သာ ပေးလိုက်ပါ။ အချိန်တစ်ခုရောက်ရင် သူ့အလိုလို ရှင်းလင်းသွားနိုင်ပါလိမ့်မယ်။

ညတုန်းက ဒကာ ဘယ်လောက်ပဲကြိုးစားပေမယ့် ကုလားအုတ်တွေအားလုံး မထိုင်ဘူးဆိုတာတော့ တွေ့ပြီးပြီမလား။ တစ်ကောင်ထိုင်တဲ့အခါ နောက်တစ်ကောင်က ထလာတယ်လေ။ ပြဿနာတွေဆိုတာလည်း ဒီလိုပါပဲ။ ပြဿနာတစ်ခုရှင်းပြီးတဲ့အခါ ပြဿနာနောက်တစ်ခုထပ်ပေါ်လာတာပါ။  ပြဿနာတွေဆိုတာ ဘဝရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုပေမယ့်  ဒီပြဿနာတွေကိုပဲ အာရုံစိုက်နေလို့မရပါဘူး။ ပြဿနာတွေကို ခဏတာဘေးချိတ်ထားပြီး ရှေ့သာဆက်သွားပါ။ ဖြေရှင်းနည်းတွေ တွေ့လာမှာပါ” လို့ အဖြေပြန်ပေးလိုက်ပါတော့တယ်။

စာချစ်သူတို့ကော ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းဖြစ်တယ်ဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။