သမီးအတွက် ငွေကို အသုံးပြုတတ်ပြီး ငွေရဲ့ ကျေးကျွန်မဖြစ်ပါစေဖို့ ပေးစာတစ်စောင်

blank
သမီးလေးရေ….။

ကိုယ်ပိုင်ဝင်ငွေနဲ့ ဘဝကိုရပ်တည်ပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေတိုင်းကို ကိုယ်တိုင်ဖြည့်ဆည်းနေနိုင်တာ အမေတွေ့ရတော့ အမေဝမ်းသာလိုက်တာ။ မိခင်တစ်ယောက်အတွက် ကိုယ့်ရဲ့သားသမီးအောင်မြင်နေတာ မြင်တွေ့ရတာထက် ပိုကြီးမားတဲ့ ပျော်ရွှင်မှု မရှိနိုင်ဘူးမဟုတ်လား။ သမီးလေးရေ.. သမီးလေးတစ်ယောက် ငွေကြေးတွေအဆင်ပြေလာတာ၊ မေမေတို့ကို ထောက်ပံ့လာနိုင်တာတွေ့ရတော့ မေမေဝမ်းသာမိသလို၊ ငွေကြေးတွေကို အကိုင်အတွယ်မတတ်ဘဲ လမ်းမှားရောက်မှာလည်း စိုးရိမ်မိပြန်ရော။

သမီလေးရေ…။

လူအများစုက ငွေမရှိတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့် ငွေရှိတဲ့ဒဏ်ကိုတော့ လူအနည်းစုကပဲ ခံနိုင်ရည်ရှိကြတယ်။ သမီးအနေနဲ့ အရင်ကထက်ဝင်ငွေပိုရလာတဲ့အခါမှာ ငွေတွေကိုစနစ်တကျသုံးတတ်ဖို့နဲ့ သမီးချစ်ခင်ရသူတွေရဲ့ အကျိုးအတွက် သုံးတတ်ဖို့ လိုတယ်နော်။ လူတွေကပြောကြတယ် “မိန်းကလေးတွေက ငွေမရှိရင်ပျက်စီးပြီး ယောက်ျားလေးတွေက ငွေရှိရင်ကပျက်စီးတယ်” တဲ့။ မေမေထင်တာကတော့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ငွေတွေရှိလာလို့ ကောင်းကောင်းအသုံးမချတတ်ရင်တော့ လမ်းမှားရောက်သွားနိုင်တာပဲ။ အသုံးနဲ့အဖြုန်းကို ကောင်းကောင်းခွဲခြားပြီး အကျိုးရှိအောင် သုံးတတ်ပါစေသမီး။

သမီးလေးရေ….။

သမီးငွေသုံးနေတဲ့နေရာတွေကို သေချာကြည့်၊ သမီးဝယ်နေတဲ့ ပစ္စည်းတွေကို သေချာဆန်းစစ်ကြည့်ပါ။ သေရေးရှင်ရေးအခြေအနေတွေမှာ တကယ်လိုအပ်တဲ့ အရာတွေပဲ သယ်သွားရမယ်ဆိုရင် သမီးဝယ်ထားတဲ့ပစ္စည်းတွေထဲက ဘယ်နှခုက တကယ်လိုအပ်လဲ။ အဲ့လောက်ဆိုရင် သမီးဘယ်နေရာတွေမှာ အသုံးစရိတ်တွေလျှော့ချရမလဲဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။

သမီးလေးရေ….။

ငွေတွေ ဒလဟောဝင်ပြီး သမီးလေးအပျော်လွန်နေတဲ့အခါ အရင်ကအဆင်မပြေမှုတွေကို သမီးမြင်နိုင်အောင်ကြည့်ပါ။ အောက်ခြေလွတ် ဘဝင်မြင့်တဲ့ရောဂါလောက် ကုရခက်တဲ့ရောဂါမရှိဘူးသမီး။ ဆင်ခြင်တုံတရားကို ဘရိတ်အဖြစ်မသုံးနိုင်ရင် အမြင့်ဆုံးကနေ ဘီးတပ်ပေးလိုက်သလိုပဲ အောက်ဆုံးကို အကျနာနာနဲ့ရောက်သွားလိမ့်မယ်။

သမီးလေးရေ….။

သမီးရဲ့ငွေတွေကို သမီးမိသားစုအတွက်၊ သမီးအတွက်ပဲ အမြဲအသုံးပြုနေရင် သမီးရဲ့ ပိုက်ဆံတွေက ငွေစက္ကူတစ်ခုထက်ပိုလာမှာမဟုတ်ဘူး။ သမီးတတ်နိုင်တဲ့ ပမာဏကို လှူဖို့၊ လိုအပ်တဲ့နေရာတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့။ ဝေမျှခြင်းဆိုတာ ပိုမိုတိုးပွားစေခြင်းပဲ သမီး။ အရာအားလုံးရဲ့ အဆုံးသတ်မှာ သမီးကိုနွေးထွေးစေမှာက ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှုတွေပဲဆိုတာကို မမေ့ပါနဲ့။

သမီးလေးရေ…။

သမီးရှာထားတဲ့ငွေတွေကို သမီးကအသုံးပြုပါ။ သူတို့ကိုသုံးပြီး သမီးဘဝအတွက် အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို မလုပ်မိပါစေနဲ့။ အသုံးကြမ်းပြီး ငွေတွေကုန်သွားတဲ့အခါ တကယ်လိုအပ်တဲ့အချိန်မှာ ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။

သမီးလေးရေ…။

ဒါတွေပြောနေတာက သမီးလေးကို မယုံလို့မဟုတ်သလို သမီးလေးကိုငွေကြောင့် ပျက်စီးမယ့်သူလို့ စွပ်စွဲနေတာလည်းမဟုတ်ပါဘူး။ ဖြစ်တတ်တဲ့သဘောလေးတွေကို ပြောပြပြီး ကြိုတင်သတိပေးထားတဲ့သဘောပါ။ မီးဆိုတာ မလောင်ခင်တားထားရတဲ့ အရာပဲ မဟုတ်လား။ သမီးလေးတစ်ယောက်ငွေတွေကို သုံးတတ်ပြီး ငွေကို ကောင်းကောင်းခိုင်းနိုင်တဲ့ ဘဝရဲ့ သခင်မလေးဖြစ်ပါစေလို့ ဆန္ဒပြုရင်း….

သမီးရဲ့မေမေ။