အမျိုးသားဆိုတိုင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုတွေကို မခံရဘူးတဲ့လား။

blank

ကျွန်တော်က နှစ်ဆယ့်တစ်နှစ်အရွယ် ယောက်ျားလေး တစ်ယောက်ပါ။ တက္ကသိုလ်ပြီးပြီးချင်းဆိုသလိုပဲ ကျွန်တော့်အဖေ အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။ ကုမ္ပဏီပိုင်ရှင်ဟာ အဖေ့ထက် အသက် ၄ နှစ်လောက်ပဲ ငယ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့အဖေရဲ့ လုပ်ငန်းတွေကို လက်လွှဲယူထားပြီး အောင်မြင်အောင် ဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။  အသက် ၄၅ နှစ်အရွယ်ဆိုပေမယ့် အားကစားလိုက်စားတာရယ်၊ ပြင်ပြင်ဆင်ဆင်နေတတ်တာရယ်ကြောင့် ရှိရင်းစွဲအသက်ထက် တစ်ဝက်လောက်ပဲ ရှိသလိုထင်ရပါတယ်။ ကျွန်တော်အလုပ်ဝင်လာတော့လည်း တစ်ရုံးလုံးက ခေါ်သလို “မမ”  လို့ပဲ ခေါ်ခဲ့ပါတယ်။ မမရဲ့အနားမှာ အလုပ်လုပ်နေတဲ့ အတွင်းရေးမှူးမလေးဟာ မီးဖွားခွင့်ယူသွားတာကြောင့်  အဖေ့မျက်နှာနဲ့ မမရဲ့ အတွင်းရေးမှူးနေရာကို ရခဲ့တာပေါ့။

ကျွန်တော်အလုပ်ဝင်ပြီးချိန်ကစပြီး မမကို အလုပ်ရှင်တစ်ယောက်အနေနဲ့ကော ဆွေမျိုးရင်းချာတစ်ယောက်လိုပါ ရိုရိုသေသေဆက်ဆံခဲ့ပါတယ်။ အမေ့ထက် တစ်နှစ်လောက်ပဲ ငယ်တဲ့ မမဟာ ကျွန်တော့်အတွက်တော့ အမေ့လိုပါပဲ။ အလုပ်ကိစ္စတွေမှာလည်း အမှားနည်းအောင် ဂရုတစိုက်လုပ်ခဲ့တယ်။ တက်တက်ကြွကြွအလုပ်လုပ်တတ်တာကြောင့် အလုပ်ဝင်ပြီး မကြာခင်မှာပဲ ကျွန်တော်လုပ်အားလစာတွေ တိုးခဲ့ပါတယ်။ ဝန်ထမ်းတွေကလည်း အားလုံးချစ်ချစ်ခင်ခင်ပဲဆိုတော့ အလုပ်လုပ်ရတာ တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါပေမဲ့ဗျာ…

အစကတော့ ကျွန်တော်က မမကျွန်တော်ကို ဆွေမျိုးတစ်ယောက်လို ရင်းရင်းနှီးနှီးဆက်ဆံနေတယ်လို့ ထင်ခဲ့မိတယ်။ အမေတစ်ယောက်လို သဘောထားတဲ့ မမကို ကျွန်တော်မကောင်းမမြင်ခဲ့ဘူး။ မောင်လေးလို့ခေါ်ရာကနေ ကလေးပြောင်းခေါ်လာတဲ့ မမရဲ့ အသံ၊ ကျွန်တော့်ကိုနေ့လည်စာ မထုပ်စေခဲ့ဘဲ သူနဲ့အတူတူစားစေခဲ့တဲ့ မမရဲ့ စေတနာတွေကို ကျွန်တော်မပြစ်မှားရဲခဲ့ပါဘူး။

ကျွန်တော့်ရုံးစားပွဲမှာ ထိုင်နေတိုင်း မမအကြောင်းမျိုးစုံပြပြီး သူ့ဘေးကိုခေါ်တယ်။ မတော်တဆလိုလိုနဲ့ ကျွန်တော့်တင်ပါးကို ကိုင်တယ်။ ကျွန်တော်သတိထားမိသွားလို့ မျက်နှာပျက်သွားတိုင်း တဟားဟားရယ်ပြီး ကျွန်တော့်ကိုတမင်စတဲ့ပုံစံနဲ့ တင်ပါးကိုပုတ်တယ်ဗျာ။

ကျွန်တော် တမျိုးကြီးခံစားရတယ်ဗျ။ အဲ့ဒီလိုကိုင်တာ မနှစ်မြို့ဘူးဗျ။ တစ်ခါတလေဆိုရင် ကျွန်တော့်အနောက်ကနေ စာရင်းဇယားတွေ ကြည့်သလိုနဲ့ သူ့ရဲ့ ရင်ဘတ်ကြီးနဲ့ ကျွန်တော်ပုခုံးကို ပွတ်သပ်နေတာကလည်း ကျွန်တော့်ကို စိတ်ရှုပ်စေတယ်။

အခုဆို ကျွန်တော်အလုပ်သွားရမှာတောင် ကြောက်လာမိတယ်။

တစ်ယောက်ယောက်ကို ဖွင့်ပြောပြဖို့လည်း ကျွန်တော်ကိုလှောင်ပြောင်ကြမှာ ကြောက်မိတယ်။ အဖေ့ကိုပြောပြန်ရင်လည်း ကျွန်တော်ပြောတာကို ယုံမှာမဟုတ်ဘူး။ သူငယ်ချင်းတွေကို ရင်ဖွင့်ရင်လည်း ကျွန်တော့်ကို အသားယူတယ်လို့၊ “ကောက်ညှင်းကမစေးဘဲ ဆန်ကြမ်းကစေးနေတယ်” တို့ အပြောခံရမလားဆိုတာ စိုးရိမ်မိတယ်။ ယောက်ျားလေးဖြစ်နေတာကြောင့် ကျွန်တော်ခံစားနေရတဲ့ စိတ်မလုံခြုံမှုတွေ၊ မနှစ်မြို့မှုတွေကို ဖုံးကွယ်ထားရတယ်။ အမျိုးသားဆိုတိုင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုတွေကို မခံရဘူးလို့ လူအများစုက ဘာကြောင့်ထင်နေသလားဗျာ။