ဒီနှစ် ချစ်သူများနေ့မှာ ချစ်သူရှိသူတိုင်းဖတ်သင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်

ချစ်သူများနေ့ဆိုတာ ကျွန်မနဲ့မဆိုင်ခဲ့တာကြာပြီ။ ကျွန်မချစ်သူက ကျွန်မဘာလိုချင်လဲ ဆိုတာကို ဂရုမစိုက်သလို ချစ်သူများနေ့ကို တခုတ်တရဆင်နွှဲမပေးတာ သုံးနှစ်ကျော်ခဲ့ပြီလေ။ သူကျွန်မကို ချစ်တယ်ဆိုတာကို ကျွန်မခံစားလို့ရပေမဲ့ ကျွန်မလိုချင်တဲ့ ရိုမန်တစ်ဆန်မှုတွေ၊ ခမ်းနားမှုတွေကို မရတော့တဲ့ အချိန်မှာ ကျွန်မရဲ့ ရင်ခုန်သံတွေအေးစက်ထုံကျင်လာခဲ့တယ်။  ကျွန်မလေ….။

သူက ကျွန်မကို ရုံးသွားရုံးပြန်ကြိုပို့ပေးတာတွေအပြင် စားသောက်ဆိုင်တွေမှာ ဒင်နာလိုက်ကျွေးတာကို လိုချင်တယ်။

ကျွန်မနေမကောင်းတဲ့အခါ ဂရုစိုက်ပေးတာကို ကျေနပ်မိပေမယ့်လည်း ကျွန်မကို ချောကလက်လေးတွေ၊ ပန်းစည်းလေးတွေနဲ့ စပရိုက်စ် လုပ်ပေးတာကို လိုချင်တယ်။

ကျွန်မအလိုရှိတိုင်း ပုခုံးလေးတစ်ဖက်ငှားပေးတာကို ကျေးဇူးတင်မိသလို ကျွန်မဖက်အိပ်ဖို့ မွှေးပွရုပ်အကြီးကြီးတွေလည်း လိုချင်ပြန်တယ်။

အခြားစုံတွဲတွေလို စားသောက်ဆိုင်ကောင်းကောင်းတွေမှာ check-in ဝင်၊ ချစ်သူဝယ်ပေးတဲ့ တန်ဖိုးကြီးလက်ဆောင်လေးတွေကို facebook ပေါ်တင်ချင်တယ်။

ဒါပေမဲ့ သူပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေအပြင် ကျွန်မဘာတွေလိုချင်လဲ ဆိုတာကိုတော့ သူမသိပါဘူး။ ချစ်ရသူအတွက် အသက်ပင်သေသေလို့ ကြွေးကြော်တတ်တဲ့သူဟာ ကျွန်မအတွက် ခြူးတစ်ပြားလေးတောင် အကုန်အကျမခံပါလားလို့ တွေးမိတဲ့နောက်မှာတော့ အဲ့ဒီအချစ်ရေးမှာ ကျွန်မတစ်စတစ်စ မပျော်မရွှင်ဖြစ်လာပါတော့တယ်။ အဲ့ဒါနဲ့ပဲ ကျွန်မကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ မပေးစွမ်းနိုင်တော့တဲ့ အချစ်ရေးကနေ ကျွန်မအပြီးတိုင် နှုတ်ဆက်ထွက်ခွာတော့မယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။

တစ်နေ့မှာတော့ “သူ့ကိုအဖြေပေးခဲ့တဲ့နေရာလေးမှာ တွေ့ကြရအောင်” ဆိုတဲ့ သူ့ရဲ့ မက်ဆေ့ဂ်ျလေးကို မြင်တော့ ကျွန်မစိတ်လှုပ်ရှားလာခဲ့တယ်။ ကောင်းပြီလေ။ ဒီဇာတ်လမ်းကို စခဲ့တဲ့နေရာမှာပဲ ဒီဇာတ်လမ်းလေးကို အဆုံးသတ်ပစ်လိုက်ကြတာပေါ့။ သူ့ကိုဘယ်က စပြောရပါ့မလဲ။

“ကျွန်မရှင့်ကို မချစ်တော့ဘူး” လို့ပြောရမလား။ မဟုတ်သေးပါဘူး။ ကျွန်မရဲ့ နှလုံးခုန်သံတိုင်းမှာ သူရှိနေတယ်လေ။ “ကျွန်မကို လက်ဆောင်တွေမပေးလို့ ရှင့်ကိုမချစ်ချင်တော့ဘူး” လို့ပြောရမှာလား။ တကယ်တော့ ကျွန်မလိုချင်တာက ပစ္စည်းတွေမှ မဟုတ်တာ။ အမျိုးအမည်မသိတဲ့ ခံစားမှုတွေနဲ့ သူနဲ့ချိန်းထားတဲ့နေရာကိုရောက်လာခဲ့တယ်။

ကျွန်မတို့နှစ်ယောက်ရဲ့နေရာလေးမှာ ကျွန်မထက်ဦးအောင် သူရောက်မနေခဲ့ဘူး။ “ယောက်ျားတွေများ အဲ့ဒါပဲ။ အဖြေတောင်းမယ့်နေ့ကတော့ သူကကိုယ့်ထက်ဦးအောင် ရောက်နေခဲ့တယ်။ အခုတော့ အချိန်မီတောင် ရောက်မလာနိုင်တော့ဘူး” လို့ ကျွန်မမကျေနပ်စွာ တွေးရင်း သူအလာကိုစောင့်နေခဲ့တယ်။ နာရီဝက်လောက်ကြာတော့ ချွေးတွေနစ်ရွှဲနေတဲ့သူ ကတိုက်ကရိုက်နဲ့ရောက်လာခဲ့တယ်။

“ သဲ.. စိတ်ကောက်နေလား။ ကိုယ်နည်းနည်းလေးနောက်ကျသွားတယ်” တဲ့။ ရန်တွေ့မယ်လို့ ပြင်နေတဲ့ ကျွန်မရှေ့မှာ သူရုတ်တရက်ဒူးထောက်ထိုင်ချလိုက်တယ်။ ပြီးတော့ ကျွန်မလက်ထဲကို စာချုပ်လေးတစ်ခု ထည့်ပေးတယ်။ စာချုပ်လေးက တိုက်ခန်းအရောင်းအဝယ်စာချုပ်လေး။ ဝယ်သူနေရာမှာတော့ ကျွန်မနာမည်ကိုရေးထားတယ်။

သူက “ကိုယ်လေ.. သဲနဲ့လက်ထပ်ပြီးရင် နေဖို့ ဒီတိုက်ခန်းလေးကို ဝယ်နိုင်ဖို့အတွက် မလိုတဲ့ အသုံးစရိတ်တွေ၊ အပိုသုံးငွေတွေ အကုန်လုံးဖြတ်တောက်ထားခဲ့တယ်။ သဲနဲ့အတူ စားသောက်ဆိုင်ကောင်းကောင်းတွေမှာ သွားစားချင်တဲ့အခါ၊ သဲလိုချင်တဲ့ အရုပ်လှလှလေးတွေ ဝယ်ပေးချင်တဲ့အခါ ကိုယ်ကြိတ်စုထားတဲ့ငွေလေးကို ထုတ်ချင်တာမှ အရမ်းပဲ။ ဒါပေမဲ့ သဲကလက်ထပ်ပြီးရင် အိမ်ခွဲနေချင်တယ်လို့ ပြောဖူးတယ်မလား။ သဲနဲ့ကိုယ့်ရဲ့ အိမ်ဂေဟာလေးအတွက် စိတ်ကိုမနည်းထိန်းထားရတယ်။ အကြီးအမားအောင်မြင်မှုတွေအတွက် အသေးအဖွဲလေးတွေကို လျစ်လျူရှုထားရတာပေါ့ကွာ” တဲ့။

ကျွန်မမျက်ရည်တွေ ဒလဟော ကျလာတယ်။ ပြီးတော့ သူ့ကိုနားလည်မပေးနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသွားတယ်။ သူက ကျွန်မကို အသာအယာဖက်ထားပေးတယ်။

“ သဲကို မျက်ရည်ကျအောင် လုပ်ခဲ့မိတဲ့အတွက် sorry” ပါ တဲ့။ “ ရပါတယ် ကိုရယ် ဝမ်းသာလို့ ကျတဲ့ မျက်ရည်ပဲ ဥစ္စာ”  လို့ ကျွန်မ မူနွဲ့စွာပြောမိတော့တယ်။ တကယ်တော့ ချစ်ခြင်းမှာ ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲတွေ၊ အမွှေးပွရုပ်လှလှလေးတွေ၊ ပန်းစည်းတွေထက် ပိုပြီးလှပတဲ့ အရာတွေရှိနေပါလားဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။

ချစ်သူများအားလုံး အချစ်ခရီးကို ပျော်ရွှင်စွာတက်လှမ်းနိုင်စေဖို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင်။