မျှော်လင့်ချက်တွေ မဲ့နေတဲ့အခါ

blank

စာချစ်သူရေ….။

မျှော်လင့်ချက်တွေ မရှိတော့ဘူး…. အသက်ရှင်ချင်စိတ်မရှိတော့ဘူးလို့ တွေးနေလား…။

သင့်မျက်လုံးကို ခဏလောက်မှိတ်ထားလိုက်ပါ။ သင်ဘယ်လိုခံစားနေရလဲဆိုတာကို အရှိအတိုင်းမြင်အောင် ကြည့်ပါ။ သင့်ရင်ဘတ်ကိုလေးလံနေစေတဲ့အရာတွေက ဘာတွေလဲ။ သင့်မျက်လုံးကို ရွှဲစိုနေစေတဲ့ အရာတွေက ဘာတွေလဲ။ သင့်ကိုအနောက်ကို ဆွဲခေါ်နေတဲ့အရာတွေက ဘာတွေလဲ။ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ အဆင်ပြေပါတယ်လို့ပြောနေတဲ့ စကားသံနောက်က နာကျင်ခြင်းတွေ အားလုံးကို သင်သေချာသုံးသပ်ကြည့်ပါ။ အဲ့ဒါတွေအားလုံးက ဘယ်သူ့ကြောင့် ဖြစ်နေတာလဲ။

သင်ကိုယ်တိုင်ကြောင့်လား။ ဒါမှမဟုတ် သင့်အကြောင်းကောင်းကောင်းမသိဘဲ ရှုံ့ချနေတဲ့ သူတွေကြောင့်လား။ သင့်အမှားတွေကို ဖန်ခါတလဲလဲ ပြောပြပြီး ကဲ့ရဲ့နေတဲ့သူတွေကြောင့်လား။ သင်ပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ခြင်းတွေကို ဆော့ကစားသွားတဲ့သူတွေ၊ သင့်ကို တန်ဖိုးမထားတဲ့ သူတွေကြောင့်လား။ “နင်ကတော့ သုံးစားမရတဲ့သူပါ” လို့ ပြောတဲ့သူတွေကြောင့်လား။ ဘဝကို တစ်ယောက်တည်း ရှင်သန်ရတော့မယ်ဆိုတဲ့ အတွေးတွေကပေးတဲ့ အထီးကျန်ခြင်းတွေကြောင့်လား။

ပရိသတ်ကြီးရေ….

ဘဝမှာ ဘယ်အရာတွေကမှ အလဟဿဖြစ်လာတာ မဟုတ်တာကြောင့် သင်စိတ်ညစ်နေတဲ့အရာတွေ၊ စိတ်ဓာတ်ကျနေတဲ့အရာတွေနောက်မှာလည်း အကြောင်းတရားတွေရှိပါတယ်။

သင့်ကိုယ်တိုင်ရဲ့ အတွေးတွေကြောင့် မျှော်လင့်ချက်တွေ ပျောက်ပြီး စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ကိုယ်သင် တရားရဲ့လား၊ သင့်ကိုယ်သင် သစ္စာဖောက်နေပြီလားဆိုတာကို စဉ်းစားကြည့်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတစ်ပါးတွေကြောင့် ဆိုရင်ကော သူတစ်ပါးကြောင့် ကိုယ့်ကိုယ်ကို သစ္စာဖောက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုတရားရဲ့လားဆိုတာကို စဉ်းစားကြည့်လိုက်ပါနော်။  ဘဝမှာ စိတ်ဓာတ်ကျနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသနားပြီး အနာတွေကို တသသလုပ်နေတာနဲ့ တူပါတယ်။

ကိုယ့်ကိုယ်ကိုသနားနေမယ်၊ ညှာတာနေမယ်၊ ညာနေမယ်ဆိုရင်တော့ သင့်ရဲ့မျှော်လင့်ချက်တွေကလည်း ပျောက်ဆုံးနေဦးမှာပါပဲ။

အောင်မြင်ခဲ့သူတိုင်းကို လိုက်ကြည့်ပါ… အောင်မြင်မှုကို လွယ်လွယ်ကူကူရသွားတဲ့သူ ဘယ်နှယောက်ရှိလဲ…

ဒဏ်ရာတွေကို လျစ်လျူရှုပြီး လုပ်စရာရှိတာကို လုပ်ခဲ့တဲ့သူ ဘယ်နှယောက်ရှိလဲ….

ကိုယ်တိုင်တွေးကြည့်ပါ… ကိုယ့်ကိုယ်ကိုသနားပြီး နာစရာတွေကို ပြန်တွေးပြီး စိတ်ဓာတ်ကျနေရင်တော့ မျှော်လင့်ချက်တွေက ပျောက်ဆုံးနေဦးမှာပါပဲ။

ကိုယ့်ကိုယ်ကို သနားတာရပ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုစချစ်ပါ။ မျှော်လင့်ချက်တွေ စိုက်ပျိုးပါ။ လင်းရောင်ခြည်ကို ရှာဖွေပါ။ အမှောင်ထဲမှာ ထိုင်ငိုနေရင် အမှောင်ထဲမှာပဲ လမ်းဆုံးရလိမ့်မယ်။