လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရသူတစ်ယောက်ရေးတဲ့ ပန်ကြားချက်လေးတစ်စောင်

ကျွန်မရဲ့ စိတ်ပိုင်းရုပ်ပိုင်းအားလုံးကို တစ်ပိုင်းတစ်စစီဖြစ်အောင် ရိုက်ချိုးပစ်ခဲ့သူကြီးရေ….။

အဲ့ဒီတုန်းက ကျွန်မ အသက် ၁၁ နှစ်။ ကစားစရာတွေအကြောင်းကိုသာ သိခဲ့တဲ့ ကျွန်မဟာ ရှင်ကျွန်မကို အခန်းတစ်ခန်းထဲ ခေါ်ဆောင်သွားပြီး ဘာတွေလုပ်နေတာလဲဆိုတာကိုတောင် မသိခဲ့ဘူး။  ဒါပေမဲ့ အဲ့ဒီကိစ္စနဲ့ပတ်သက်တာတွေအားလုံးကို ကျွန်မမုန်းတယ်။ ရှင့်ရဲ့လက်ကြမ်းကြမ်းကြီးတွေကိုလည်း မုန်းတယ်။ ရှင့်ရဲ့ကိုယ်ကြီးက ကျွန်မကိုယ်ပေါ်တက်ဖိထားတာကိုလည်းမုန်းတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့တိုင်အောင် စိတ်ဒဏ်ရာတွေ မကျက်နိုင်သလို အခုထိလည်း အိပ်မက်မက်ရင်း လန့်နိုးဆဲပါ။

တဏှာရာဂဆိုတာ ဘာလဲတောင် မသိသေးတဲ့ ကလေးတစ်ယောက်ကို ရှင့်ရဲ့ တစ်ခဏတာ သာယာမှုအတွက် အသုံးချခဲ့တယ်။ ဘဝဆိုတာတောင် ဘာမှန်းမသိတဲ့ သူတစ်ယောက်ရဲ့ ဘဝကို တစ်စစီရိုက်ချိုးပစ်ခဲ့တယ်။ ဆေးရုံနံရံဖြူဖြူကို ပထမဦးဆုံးမြင်ပြီး ကျွန်မသတိလည်လာတဲ့အချိန်မှာ အမေက ကျွန်မကိုဖက်ပြီးငိုနေခဲ့တယ်။ “ ငါ့သမီးလေး ဘဝပျက်ပါပြီ” တဲ့။ ရှင့်ရဲ့ယုတ်မာမှုကြောင့် ကျွန်မဘဝ တကယ်ပျက်သွားခဲ့ပြီလား။ ကျွန်မဟာ တကယ်ကို အသုံးမဝင်တဲ့ အမှိုက်တစ်စဖြစ်သွားခဲ့ပြီလား။

အဲ့ဒီနောက်မှာ  ကျွန်မရင်ဆိုင်ရတာတွေက ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေထက်တောင် ပြင်းထန်တယ်ဆိုတာ ရှင်သိလား။ ကျွန်မဘာမှမသိလိုက်ဘဲ ကျူးလွန်ခံခဲ့ရတဲ့ အဖြစ်အပျက်အတွက် ကျွန်မနားမလည်တဲ့ မေးခွန်းတွေ အမေးခံခဲ့ရတယ်။ ရှင့်ကိုထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးခံရဖို့အတွက် ကျွန်မရဲ့ဒဏ်ရာတွေကို ပိုပြီးတူးဆွခံရသလိုပါပဲ။ ရှင်ထိုက်သင့်တဲ့ အပြစ်ရမရ မသေချာခင်မှာပဲ ကျွန်မရဲ့ နေ့ရက်တိုင်းဟာ အကျဉ်းချသလို ခံစားခဲ့ရတယ်။

ကျွန်မရဲ့ငရဲခန်းဟာ ဒါနဲ့ပြီးသွားလားဆိုတော့ မပြီးသေးပါဘူး။ ကျွန်မရဲ့ဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်ခ် မှာတက်လာတယ်။ ကျွန်မရဲ့ပတ်ဝန်းကျင်က ကျွန်မကို သနားတဲ့အကြည့်နဲ့ကြည့်ကြတယ်။ ရှင်ဆိုတာက ဘယ်သူလဲမသိခင်မှာတောင် ကျွန်မရဲ့မျက်နှာလေးဟာ လူတိုင်းရဲ့ စာနာမှုတွေကို ရတဲ့မျက်နှာတစ်ခုဖြစ်လာခဲ့တယ်။ အဲ့ဒီစာနာသနားမှုဟာ ကျွန်မစိတ်ဓာတ်ခွန်အားတွေကို တမြည့်မြည့်တိုက်စားနေပါလားဆိုတာကို ဘယ်သူမှ နားမလည်နိုင်ခဲ့ဘူး။  လူတွေနဲ့တွေ့တိုင်း “သမီးလေး ဘာမှ အားမငယ်နဲ့နော်” ဆိုတဲ့ အားပေးစကားတွေက ကျွန်မဟာ အားငယ်နေသူတစ်ယောက်ဆိုတာကို ပိုတူးဆွပေးနေသလိုပါပဲ။ သူငယ်ချင်းတွေနဲ့ အရင်လို ကစားတဲ့အခါ သူတို့မိဘတွေက ကျွန်မကိုဦးစားပေးခိုင်းတယ်၊ ငဲ့ညှာခိုင်းတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အခုဆိုရင် ကျွန်မဟာ လူလားမြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့ပြီ။ လူတိုင်းလိုချင်တဲ့ ဘွဲ့ဆိုတဲ့အရာကိုလည်း ကျွန်မရအောင် ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့မွေးရပ်မြေကိုတော့ အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်း ကျွန်မစွန့်ခွာခဲ့ရတယ်။ လူတွေရဲ့သနားတဲ့အကြည့်တွေ၊ စာနာသနားတဲ့ စကားသံတွေကို ကျွန်မချန်ထားခဲ့တာ ကြာပြီ။ “ကိုယ့်အပြစ်မဟုတ်ဘူး” ဆိုတဲ့ စကားကို ကိုယ့်ကိုယ်ကိုယ်ထပ်ကာထပ်ကာပြောရင်း  ကျွန်မရဲ့ နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ရတယ်။ ရှင်ကတော့ ထောင်ထဲက ထွက်လာပြီး ရှင့်နေ့ရက်တွေကို အရင်အတိုင်းကျော်ဖြတ်နေလား မသိနိုင်ပေမယ့် ကျွန်မကတော့ ကျွန်မဘဝကို သာမန်ဖြစ်ဖို့ သူများထက် အဆများစွာ ကြိုးစားခဲ့ရတယ်။

ဒါ့ကြောင့်လေ… ဒီစာလေးကို အမျိုးသားတိုင်းကို ဖတ်စေချင်တယ်။ ကိုယ်လုပ်လိုက်တဲ့အမှားတစ်ခုရဲ့ အခြားတစ်ဖက်မှာ ဘယ်လိုအကျိုးရလဒ်တွေရှိနေလဲဆိုတာကို သိစေချင်တယ်။ ရှင်တို့ရဲ့အပြစ်တွေအတွက် ပြစ်ဒဏ်ကျခံပြီးသွားရင်တောင် တစ်သက်လုံး ကိုယ်စိတ်ထဲမှာ ကိုယ်အကျဉ်းကျခံနေရတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။

ဒီစာကိုဖတ်နေတဲ့ သင့်အနေနဲ့လည်း ဘယ်လိုလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ဆန့်ကျင်တယ်ဆိုရင် ဒီစာစောင်လေးကို မဖြစ်မနေ ဝေမျှပေးလိုက်ပါ။