ကျွန်မတို့ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ ညည်းညူတတ်သူ (၃) မျိုး

blank

ကျွန်မတို့အားလုံး ဘဝမှာ တစ်ခါတော့ ညည်းညူဖူးကြပါတယ်။ ရာသီဥတုအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ချစ်သူအကြောင်း၊ မိသားစုအကြောင်း၊ အလုပ်ရှင်အကြောင်း စသည်ဖြင့်ပါ့။ ဒါပေမဲ့ ထူးဆန်းတာက ကိုယ်ကိုယ်တိုင်ကကျတော့ ညည်းညူပြီး သူများက ကိုယ့်ရှေ့မှာလာညည်းရင် မကြိုက်ကြတာပါပဲ။ ဒီတော့ ညည်းညူတယ်ဆိုတာ ဘာလဲ၊ ဘာကြောင့် ညည်းညူကြတာလဲ။

ညည်းညူတယ်ဆိုတာ ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ စိတ်မကျေနပ်မှုကို ပြောစကားနဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ စိတ်မကျေနပ်မှုကို မျိုသိပ်ထားကြပြီး တစ်ခါတလေမှာ ညည်းညူလို့မဆုံးနိုင်ဖြစ်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ ကျွန်မတို့စိတ်ရဲ့ သည်းခံနိုင်မှုနဲ့ ခံစားချက်တွေမတူလို့ဖြစ်ပါတယ်။

လောကမှာ ညည်းညူတတ်သူ (၃) မျိုးရှိပါတယ်။

၁။ နာတာရှည်ညည်းညူသူများ

ဒီလူတွေအတွက်ကတော့ စိတ်ကျေနပ်မှုရှိဖို့ဆိုတာ အင်မတန်မှခက်ခဲပါတယ်။ ရေတစ်ဝက်ရှိတဲ့ဖန်ခွက်ကို “ရေတစ်ဝက်ပဲ ကျန်တော့တယ်” လို့ မြင်တတ်တဲ့သူတွေပေါ့။ သူတို့ရှေ့မှာ တားဆီးနေတဲ့အရာတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုစဉ်းစားမယ့်အစား အဲဒီအတားအဆီးတွေရှေ့မှာရပ်ပြီး ညည်းညူနေတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ လူသနားအောင်ညည်းညူသူများ

သူတို့အတွက်ကတော့ ညည်းညူတယ်ဆိုတာ သူများတွေဆီက အာရုံစိုက်မှုနဲ့ သနားညှာတာမှုတွေကို လိုချင်ရုံသက်သက်ပါပဲ။ သူတို့တွေအနေနဲ့လည်း ပြဿနာတစ်ခုကြုံလာပြီဆိုရင် ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်မယ့်နည်းလမ်းရှာဖို့ထက် ညည်းညူဖို့ပဲ စိတ်ဝင်စားကြတယ်။ ဖြေရှင်းဖို့နည်းလမ်းပေးတာထက် သူတို့ကိုယ်စားဖြေရှင်းပေးတာကို ပိုပြီး လိုလားတတ်ကြပါတယ်။

၃။ လူထင်ကြီးအောင်ညည်းညူသူများ

သူတို့အတွက်ကတော့ ဘာပဲဖြစ်ဖြစ် စောဒကတက်ပြီး ညည်းလိုက်ရမှ နေသာထိုင်သာရှိတတ်ပါတယ်။ ပြဿနာတစ်ခုကြုံလာပြီဆိုရင် ကိုယ်တိုင်ဖြေရှင်းလိုက်လို့ ရပေမယ့် လူသိအောင် စောဒကတက်၊ ညည်းညူပြီးမှ ဖြေရှင်းတတ်ကြပါတယ်။ သူတို့လိုချင်တာက ဆိုးရွားတဲ့ပြဿနာတွေ ကြုံလာပြီးမှ သူတို့အစွမ်းအစနဲ့ဖြေရှင်းနိုင်တယ်ဆိုတဲ့ နာမည်ကောင်းကိုပါ။

ဘယ်လိုပဲ ညည်းညည်း ညည်းတယ်ဆိုတာ မကောင်းပါဘူး။ ဒါကြောင့် ညည်းညူတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိရလိုက်ပါ။

  • သင့်ရဲ့စိတ်ခံစားမှုတွေက သင်ကိုယ်တိုင် သယ်ထားရမယ့် ဝန်ထုပ်ဝန်ပိုးတွေပါ။
  • ညည်းညူပြီး စောဒကတက်လိုက်တာကြောင့် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာကို ပြန်စဉ်းစားကြည့်ပါ။
  • ကိုယ်ညည်းညူပြောဆိုလိုက်တဲ့စကားတွေကို ဂရုစိုက်ပါ။ တစ်ခါတလေမှာ ညည်းညူစကားတွေဟာ သူတစ်ပါးရဲ့ဘဝကို ကောင်းကျိုးဖြစ်စေနိုင်သလို ဆိုးကျိုးလည်းဖြစ်စေနိုင်ပါတယ်။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ မျှဝေခဲ့ပါဦးနော်။