ဘဝမှာ အရေးအကြီးဆုံးအရာ

blank

အမျိုးသမီးတစ်ယောက်ဟာ ဖြူဖွေးနေတဲ့မုတ်ဆိတ်ရှည်ကြီးတွေပိုင်ဆိုင်ထားတဲ့ အဖိုးအိုသုံးဦး သူမအိမ်ရှေ့မှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ သူမက အဖိုးအိုတွေဆီသွားပြီးတော့ “အဖိုးတို့ကို ကျွန်မ မသိပါဘူး။ ဒါပေမဲ့ အဖိုးတို့ ဗိုက်ဆာနေမှာပဲနော်။ အိမ်ထဲဝင်ပြီး ထမင်းစားကြွပါဦး” လို့ဖိတ်ခေါ်လိုက်ပါတယ်။

ဒီအခါမှာ အဖိုးအိုတွေက “သမီး ခင်ပွန်း ခုအိမ်မှာ ရှိနေလား” လို့ ပြန်မေးပါတယ်။ သူမက “သူ အခုမရှိပါဘူးရှင်။ အပြင်ထွက်သွားပါတယ်” လို့ပြန်ဖြေပါတယ်။ “ဒါဆို အဖိုးတို့ ဝင်လို့မရဘူး” လို့ အဖိုးအိုတွေက ပြန်ပြောပါတယ်။

ညနေဘက် သူမ ခင်ပွန်း ပြန်ရောက်လာလို့ အကျိုးအကြောင်းတွေ ပြောပြလိုက်တဲ့အခါမှာ သူမ ခင်ပွန်းက “ကိုယ် ပြန်ရောက်ပြီလို့ သူတို့ကို သွားပြောပြီး အိမ်ထဲကို ဖိတ်ခေါ်လာခဲ့ပါ” လို့ပြောပါတယ်။ အမျိုးသမီးက အပြင်ထွက်သွားပြီး အဖိုးအိုတွေကို ထပ်ခေါ်ပါတယ်။

အဖိုးအိုတွေက “အဖိုးတို့သုံးယောက်လုံး တူတူဝင်လို့မရဘူး” လို့ပြောပါတယ်။အမျိုးသမီးက အကြောင်းရင်းကို မေးတဲ့အခါ အဖိုးအိုတစ်ယောက်က သူ့သူငယ်ချင်းကို လက်ညှိုးထိုးပြပြီးတော့ “သူက ချမ်းသာမှုပါ”။ နောက်တစ်ယောက်ကိုပြပြီးတော့ “သူကတော့ အောင်မြင်မှုပါ။ အဖိုးကတော့ ချစ်ခြင်းတရားပါ။ အဖိုးတို့ထဲက ဘယ်သူ့ကို အရင်ခေါ်မယ်ဆိုတာကို သမီး ခင်ပွန်းနဲ့ တိုင်ပင်ကြည့်ပါ” လို့ အဖိုးအိုတစ်ယောက်က ပြောပါတယ်။

သူမဟာ အိမ်ထဲဝင်ပြီး သူမ ခင်ပွန်းကို ပြောပြတဲ့အခါမှာ သူမ ခင်ပွန်းက ပျော်ရွှင်သွားပြီးတော့ “ကောင်းလိုက်တာ။ ငါတို့ ချမ်းသာမှုကို အိမ်ထဲခေါ်ရအောင်” လို့ပြောပါတယ်။ အမျိုးသမီးက “ဘာလို့ အောင်မြင်မှု ကို မခေါ်တာလဲ” ဆိုပြီး ငြင်းပါတယ်။ ဒီအခါမှာ အိမ်ရဲ့ထောင့်တစ်နေရာကနေ သူတို့ပြောတာတွေ နားထောင်နေတဲ့ ချွေးမဖြစ်သူက “ချစ်ခြင်းတရားကို အရင်မခေါ်ဘူးလား အဖေ နဲ့ အမေရယ်။ သူ့ကိုသာ ခေါ်မယ်ဆိုရင် ကျွန်မတို့အိမ်လေးက အချစ်တွေနဲ့ ပြည့်နှက်နေတော့မှာပဲ” လို့ပြောပါတယ်။ ဒီအခါမှာ ခင်ပွန်းဖြစ်သူက “ငါတို့ချွေးမလေးရဲ့ စကားကို နားထောင်ပြီး ချစ်ခြင်းတရားကိုပဲ ခေါ်လိုက်ကြရအောင်” ဆိုပြီး အမျိုးသမီးကို သွားခေါ်ခိုင်းလိုက်ပါတယ်။ အမျိုးသမီးက အဖိုးအိုတွေဆီကို သွားပြီးတော့ “အဖိုးတို့သုံးယောက်ထဲက ဘယ်သူက ချစ်ခြင်းတရားပါလဲ။ အိမ်ထဲကို ကြွပါရှင်” လို့ခေါ်လိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်ခြင်းတရားက မတ်တပ်ထရပ်လိုက်ပြီး အိမ်ဖက်ကိုထွက်သွားပါတော့တယ်။ ကျန်တဲ့အဖိုးနှစ်ယောက်ကလည်း ချစ်ခြင်းတရားနောက် လိုက်သွားပါတော့တယ်။ ဒီအခါမှာ အမျိုးသမီးက အံ့အားသင့်သွားပြီးတော့ “ကျွန်မက ချစ်ခြင်းတရားကိုပဲ ဖိတ်ပေမယ့် အဖိုးတို့နှစ်ယောက်က ဘာလို့လိုက်လာတာပါလဲရှင်” လို့မေးလိုက်ပါတယ်။ အဖိုးအိုနှစ်ယောက်က “တကယ်လို့ သမီးသာ အောင်မြင်မှု ဒါမှမဟုတ် ချမ်းသာမှုကို ဖိတ်ခဲ့မယ်ဆိုရင် ကျန်တဲ့သူနှစ်ယောက်က နေခဲ့ရမှာပါ။ သမီးက ချစ်ခြင်းတရားကို ဖိတ်ခေါ်ခဲ့တာဖြစ်တဲ့အတွက် အဖိုးတို့ကလိုက်လာရတာပါ။ ချစ်ခြင်းတရားရှိတဲ့နေရာတိုင်းမှာ အောင်မြင်မှုကော၊ ချမ်းသာမှုပါ ရှိနေမှာပါ” လို့ပြိုင်တူပြန်ဖြေလိုက်ပါတော့တယ်။

ဒီပုံပြင်လေးက ချစ်စရာမကောင်းဘူးလား။ စာချစ်သူတို့လည်း ဒီပုံပြင်လေးကို သဘောကျ နှစ်ခြိုက်မိတယ်ဆိုရင် ချစ်ခင်သူတွေပါ ဖတ်ရှုနိုင်အောင် SHARE သွားပါဦးနော်။