မျှော်လင့်ချက်တစ်စုံတရာ

blank

တစ်ခုသော ဆောင်းတွင်းမှာ ဘုရင်ကြီးဟာ တိုင်းခန်းလှည့်လည်ပြီးအပြန် နန်းတော်အဝင်တံခါးနားမှာ ရပ်နေတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတယ်။ အနွေးထည်တွေအထပ်ထပ် ဝတ်ထားတာတောင်မှ တုန်ရီနေသေးတဲ့ ဘုရင်ကြီးဟာ အဖိုးအို အနားရောက်တဲ့အချိန် အဲ့ဒီအဖိုး ဟာ ပါးလှပ်နေတဲ့ အင်္ကျီလေးတစ်ထည်တည်း ဝတ်ထားတာတွေ့လိုက်တော့ အရမ်းအံ့သြသွားပါတယ်။ ဒီလောက်အေးတဲ့ ဆောင်းတွင်းကို ဒီအင်္ကျီလေးနဲ့ ဘယ်လိုတောင့်ခံထားနိုင်တာလဲ ဆိုတာကိုလည်း အရမ်းသိချင်သွားတယ်။ ဒါကြောင့် အဲ့ဒီအဘိုးအို နားမှာ ရပ်ပြီးတော့ “မအေးဘူးလား အဖိုး” လို့ အံ့သြတကြီး မေးလိုက်ပါတယ်။ အဖိုးအိုက “အေးလည်း ဝတ်စရာမရှိတော့ ဆောင်းတွင်းတွေကို ဒီတိုင်းကျော်ဖြတ်လာတာ နှစ်နဲ့ချီနေပါပြီ။ အအေးဒဏ်ကိုတောင် တော်တော် ခံနိုင်ရည် ရှိနေပြီ” လို့ ပြန်ဖြေပါတယ်။

ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို ကြားလိုက်တဲ့အချိန်မှာ အရမ်းစိတ်မကောင်းဖြစ်သွားပြီးတော့ “စိတ်မပူပါနဲ့ အဖိုး။ အဖိုးအတွက် အနွေးထည် ပို့ပေးလိုက်ပါ့မယ်။ ဒီမှာပဲ စောင့်နေပါ” လို့ပြောလိုက်တယ်။ အဖိုးအို ဟာ အရမ်းပျော်ရွှင်ပြီးတော့ ဘုရင်ကြီးကိုလည်း ကျေးဇူးတင်သွားတယ်။ ဒါပေမဲ့ ဘုရင်ကြီးဟာ နန်းတော်ထဲပြန်ရောက်တဲ့အခါ နန်းတွင်းရေးရာတွေနဲ့ အလုပ်ရှုပ်ပြီး အဖိုးအို ကို အနွေးထည်ပေးဖို့ မေ့သွားခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်နေ့ မနက် နန်းတော်တံခါးကို ဖွင့်လိုက်တဲ့အခါမှာ အေးခဲနေတဲ့ အဖိုးအိုရဲ့ အလောင်းကို တွေ့လိုက်ရပါတယ်။ အဖိုးအိုရဲ့အလောင်းဘေးမှာတော့ ” ဆောင်းတွင်းတိုင်းကို ဒီအင်္ကျီနဲ့ပဲ ကျော်ဖြတ်လာတာပါ။ ဒါပေမဲ့ မနေ့က ဘုရင်ကြီး ပေးမယ့် အနွေးထည်ကို မျှော်လင့်မိတဲ့ မျှော်လင့်ချက်က ကျွန်ုပ် ကို အသက်ပါ ဆုံးစေခဲ့တယ်” လို့ ရေးထားခဲ့တာတွေ့လိုက်ရပါတယ်။

ဒီပုံပြင်လေးမှာ အအေးဒဏ်ကို အင်္ကျီအပါးလေးနဲ့ပဲ တောင့်ခံနေကျ အဖိုးအိုဟာ ဘုရင်ကြီးဆီက အကူအညီကို မျှော်လင့်ထားပြီး မရလိုက်တာကြောင့် အသက်ဆုံးရှုံးခဲ့ရတာကို တွေ့ရပါတယ်။ ဒါကြောင့် တခြားသူဆီက အကူအညီ ရမှာကို မျှော်လင့်စောင့်စားနေမယ့်အစား မိမိကိုယ် ကိုသာ အားကိုးသင့်ကြောင်းကို သိရှိရပါတယ်။ စာချစ်သူတို့ကော ဒီပုံပြင်လေးကို ဖတ်ပြီး ဘာသင်ခန်းစာ ရမိတယ် ဆိုတာကို comment box မှာ ဝေမျှသွားပေးပါဦးနော်။