စိတ်ချမ်းသာခြင်းဆိုတာ ငွေချမ်းသာခြင်းနဲ့ တိုက်ရိုက်အချိုးကျနေလား။

စာချစ်သူတို့ရေ…..။

ကျွန်မတို့အများစုက ငွေကြေးချမ်းသာတဲ့သူတွေက စိတ်ချမ်းသာနေကြတယ်လို့ ထင်တတ်ကြပါတယ်။ ငွေတွေရှိလာရင် ပိုပြီးပျော်ရွှင်လာမယ်၊ စိတ်ချမ်းသာလာမယ်လို့လည်း ထင်တတ်ကြပါတယ်။ အဲ့ဒါနဲ့ပဲ ငွေရှာဖို့အတွက် လုံးပန်းရင်း နေတတ်ကြတယ်။ ငွေတွေအများကြီးရှိလာရင် အခုထက်ပိုပျော်လာမယ်လို့လည်း ထင်နေတတ်ကြတယ်။  ငွေချမ်းသာတဲ့သူတွေမှာ ဒုက္ခတွေမရှိဘူး။ အရာရာပြည့်စုံနေတယ်လို့လည်း ထင်နေတတ်ကြတယ်။

တကယ်တော့ ပရိသတ်ကြီးရေ… လူတိုင်းလူတိုင်းရဲ့ ဘဝမှာ ကိုယ်မမြင်ရတဲ့ စစ်ပွဲတွေရှိနေပါတယ်။ အကောင်းအဆိုးတွေ ရောပြွမ်းနေတဲ့ လောကကြီးမှာ လူတိုင်းရဲ့ဘဝမှာ ကောင်းတဲ့လောကဓံနဲ့ မကောင်းတဲ့လောကဓံက တလှည့်စီဖြစ်ပေါ်နေတာပါ။ ခမ်းနားတဲ့တိုက်ကြီးအထဲမှာ သင်မမြင်နိုင်တဲ့ အခက်အခဲဒုက္ခတွေရှိနေနိုင်တာပဲ။ ပြီးပြည့်စုံတဲ့အိမ်လေးတစ်အိမ်မှာ ဇိမ်ကျပြီး လွယ်ကူတဲ့ဘဝရဲ့ ပျော်ရွှင်မှုတွေရှိနေနိုင်သလို ဘဝအတွက်ရုန်းကန်နေတဲ့ သင့်ဆီမှာလည်း အေးချမ်းတဲ့ဘဝရဲ့ အနှစ်သာရလေးတွေရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စိတ်ချမ်းသာမှုဆိုတာ ပြီးပြည့်စုံမှုကနေ ဖြစ်တည်လာတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ရှိနေတဲ့အရာတွေကို တန်ဖိုးထားပြီး ရောင့်ရဲနိုင်မှသာ အမှန်တကယ်စိတ်ချမ်းသာနိုင်မှာပါ။ ချမ်းသာကြွယ်ဝလိုတာဟာ မမှားပေမယ့် မိမိမှာရှိနေတဲ့အရာတွေကို တန်ဖိုးမထားမိဘဲ ချမ်းသာနေတဲ့သူတွေအားကျငေးမောရင်း ပူလောင်နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဘဝကိုတိုးတက်အောင် ကြိုးစားရင်း၊ ချမ်းသာလာမှ စိတ်ချမ်းသာအောင်နေရတော့မယ်လို့ စဉ်းစားနေတယ်ဆိုရင် လက်ရှိအချိန်က စိတ်ချမ်းသာမှုတွေကို ဖြုန်းတီးရာရောက်နေမှာပေါ့။ သင့်ဘဝဟာ အခုအချိန်မှာ အကောင်းအဆိုးတွေရောပြွမ်းနေသလို နောက်တစ်ချိန်မှာလည်း အကောင်းအဆိုးနဲ့ ဒွန်တွဲနေမှာပါပဲ။ ပြည့်စုံနေတဲ့သူတွေရဲ့ ဘဝတွေကို အားကျပါ။ တိုးတက်အောင်ကြိုးစားပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ စိတ်ချမ်းသာအောင်နေဖို့လည်း မမေ့ပါနဲ့။

စိတ်ချမ်းသာခြင်းဆိုတာ လူချမ်းသာခြင်းနဲ့ တိုက်ရိုက်အချိုးကျနေတဲ့အရာမှ မဟုတ်ဘဲလေနော်။

SHARE