လယ်သမားပုံပြင်

တစ်ခါတုန်းက လယ်သမားကြီးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာ သူ့ရဲ့မြင်းဟာ အဝေးကိုထွက်ပြေးသွားပြီး ပြန်မလာခဲ့ပါဘူး။

အဲဒီညနေမှာပဲ အိမ်နီးချင်းတွေဟာ လယ်သမားကြီးဆီလာပြီး “မြင်းတစ်ကောင်ဆုံးရှုံးရတာက ကံဆိုးမှုပဲမဟုတ်လား” လို့ ပြောကြသတဲ့။

လယ်သမားကြီးက “ဟုတ်မှာပေါ့” လို့ပဲ ပြန်ပြောခဲ့ပါတယ်။

နောက်တစ်နေ့မှာ လယ်သမားကြီးရဲ့မြင်းက ပြန်လာခဲ့ပြီး သူနဲ့အတူ မြင်းရိုင်း ၇ကောင်ပါ အတူပါလာခဲ့တယ်။

အဲဒီအခါမှာလည်း အိမ်နီးချင်းတွေက “မြင်း ၇ကောင်တောင် ပိုင်ပြီဆိုတော့ ခင်ဗျားကံကောင်းလိုက်တာနော်” လို့ ဝိုင်းပြောကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လယ်သမားကြီးကတော့ “ဟုတ်မှာပေါ့” လို့ပဲ ပြန်ပြောခဲ့သတဲ့။

နောက်တစ်နေ့မှာ လယ်သမားကြီးရဲ့သားဟာ အဲဒီမြင်းရိုင်းတွေထဲကတစ်ကောင်ကို ယဉ်ပါးအောင်လေ့ကျင့်ပေးရင်း မြင်းပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ပါတော့တယ်။

အဲဒီနေ့ညနေမှာ အိမ်နီးချင်းတွေရောက်လာပြီး “ခင်ဗျားအတွက်တော့ ဒါဟာကံဆိုးမှုကြီးပဲ မဟုတ်လား” လို့ ပြောကြတယ်။

လယ်သမားကြီးကတော့ ထုံးစံအတိုင်း “ဟုတ်မှာပေါ့ဗျာ” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။

နောက်တစ်နေ့မှာ လယ်သမားကြီးတို့ရွာကို နန်းတော်ကအမှုထမ်းတွေရောက်လာပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို တစ်အိမ်တစ်ယောက်ကျ လာရောက်စုဆောင်းခဲ့တယ်။

ဒါပေမဲ့ လယ်သမားကြီးရဲ့သားကတော့ ခြေထောက်ကျိုးနေလို့ စစ်မှုထမ်းရမယ့် အဖြစ်ကနေ ကင်းလွတ်သွားပါတော့တယ်။

အဲဒီအခါမှာလည်း အိမ်နီးချင်းတွေရောက်လာပြီး “ခင်ဗျားကတော့ တကယ်ကို ကံကောင်းတာပဲနော်” လို့ ပြောကြတယ်။

လယ်သမားကြီးကတော့ ပြောနေကျအတိုင်း “ဟုတ်မှာပေါ့” လို့ပဲ ဖြေခဲ့ပါတယ်။

တကယ်တော့ လောကရဲ့ဖြစ်ပျက်မှုတွေဆိုတာ လူတွေထင်ထားသလောက် မရိုးရှင်းပါဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်ရတယ်၊ ပြီးတော့ အဲဒီအကျိုးက နောက်ဖြစ်ရပ်အတွက် အကြောင်းပြန်ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ဖြစ်ရပ်တစ်ခုကို အပေါ်ယံကြည့်ပြီး အကောင်းအဆိုးခန့်မှန်းဖို့ခက်ပါတယ်။

ကံဆိုးမှုလို့ထင်နေတဲ့ဖြစ်ရပ်တစ်ခုရဲ့အကျိုးဆက်ကို သင်မသိနိုင်သလို ကံကောင်းမှုလို့ထင်နေတဲ့ ဖြစ်ရပ်ပြီးရင် ဘာတွေဖြစ်လာဦးမလဲဆိုတာကိုလည်း သင်တပ်အပ်မပြောနိုင်ဘူးမဟုတ်လား။