Facebook ပေါ်မှာ မြင်နေရတဲ့ ဘဝတွေက ဘဝအစစ်လား..

blank

စာချစ်သူတို့ရေ…

ယနေ့ခေတ်မှာ လူတိုင်းနီးပါး facebook သုံးကြတယ်။ သင်ကော facebook သုံးလား။ တစ်ရက်ကို ဘယ်နှစ်နာရီလောက် facebook သုံးဖြစ်လဲ။ သူငယ်ချင်းတွေ တင်တဲ့ ဓာတ်ပုံတွေကို မြင်ပြီး သင့်စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ပျော်ရွှင်သွားလား။ ဒါမှမဟုတ် ကိုယ့်ဘဝကိုကိုယ်မကျေမနပ်ဖြစ်သွားတာ သိမ်ငယ်အားငယ်သွားလား။

တကယ်တော့ ကျွန်မတို့အသုံးပြုနေတဲ့ social media ဆိုတာ ကျွန်မတို့ဘဝအတွက် ကောင်းကျိုးတွေရှိနေသလို ဆိုးကျိုးတွေလည်း အများဆုံးရှိနေတဲ့နေရာတစ်ခုပါ။ ကျွန်မတို့က social media ကို သုံးနေတယ်လို့ ကျွန်မတို့က ထင်နေပေမယ့် social media ရဲ့ သားကောင်ဖြစ်မှန်းမသိဖြစ်နေကြတယ်။ facebook ပေါ်မှာမြင်နေရတဲ့ ဘဝတွေကို ဘဝအစစ်လို့ထင်ပြီး ကိုယ့်ဘဝကို မရောင့်ရဲတာ၊ အားမလို အားမရဖြစ်တာတွေဖြစ်နေတတ်ကြတယ်။ ဘဝရဲ့ အဆင်ပြေမှုတွေကိုချည်း ရွေးချယ်ပြီး တင်ထားတတ်တဲ့ facebook ကြီးကိုကြည့်ပြီး ကျွန်မတို့ရဲ့ အဆင်မပြေမှုတွေကို စိတ်ပျက်နေတတ်ကြတယ်။ ကျွန်မတို့ရဲ့ ဘဝကိုအခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ပျော်ရွှင်မှုတွေပျောက်ဆုံးနေတတ်ကြတယ်။

တစ်ချို့တွေဆိုရင် facebook ပေါ်မှာ စားသောက်ဆိုင်ကောင်းကောင်းမှာ check-in ဝင်နိုင်ဖို့အတွက် ငွေတွေကိုဖြတ်လမ်းကရှာတာမျိုးတွေတောင်ဖြစ်တတ်ကြတယ်။ ကိုယ့်ဘဝကိုကိုယ်မကျေနပ်၊ အားငယ်ပြီး depression ဝင်တတ်ကြတယ်။

တကယ်တော့ ကျွန်မတို့မစဉ်းစားမိတာက facebook ပေါ်မှာ တင်ထားတဲ့အရာတွေက လူတွေရဲ့ အစစ်အမှန်ဘဝတွေလား။  ပင်လယ်ကမ်းစပ်မှာ ရိုက်ထားတဲ့ ပုံလေးတွေ၊ နာမည်ကြီး စားသောက်ဆိုင်ရဲ့ အစားအသောက်တွေ၊ ပြုံးရယ်နေတဲ့ မျက်နှာတွေဟာ ဘဝရဲ့ အစိတ်အပိုင်းအချို့ပဲ ဖြစ်တယ်ဆိုတာ ကျွန်မတို့မေ့နေတတ်ကြတယ်။ ရုံးရောက်ပြီလို့ ရိုက်တင်ထားတဲ့ selfie လှလှလေးရဲ့ နောက်ကွယ်မှာတောင် ရုံးသွားဖို့ပြင်ဆင်ရတဲ့ ရုန်းကန်မှုတွေ၊ စောစောထပြီး ဘတ်စ်ကားတိုးစီးထားရတဲ့ အခက်အခဲတွေပါနေတယ်ဆိုရင် facebook ပေါ်မှာ မြင်နေရတဲ့ ပျော်စရာတွေရဲ့ နောက်မှာ အခက်အခဲနဲ့ ရုန်းကန်မှုတွေဘယ်လောက်ရှိနေလဲဆိုတာကို ကျွန်မတို့မသိနိုင်ပါဘူး။

ဘဝဆိုတာ အကောင်းတွေချည်းပဲ ရှိမနေသလို၊ အဆိုးတွေချည်းပဲ ရှိနေတဲ့အရာလည်း မဟုတ်ပါဘူး။ အကောင်းအဆိုးတွေရောနေတဲ့ဘဝကြီးမှာ facebook ပေါ်မှာ မြင်နေရတဲ့ အပေါ်ယံတွေကိုပဲ ကြည့်ပြီး ဘဝကို မဆုံးဖြတ်လိုက်ပါနဲ့။ လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန် ကြိုးစားနေကြရတာဖြစ်တာကြောင့် သင်တစ်ယောက်တည်း အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ စိတ်မျိုးတွေကို မောင်းထုတ်ပစ်လိုက်ပါ။ facebook ပေါ်မှာ အပေါ်ယံပြထားတဲ့ ဘဝတွေကို အားကျပါ၊ မုဒိတာပွားပါ။ ဒါပေမဲ့ ကိုယ့်ဘဝကို ကိုယ်တော့ အားမလိုအားမရမဖြစ်လိုက်ပါနဲ့။

ဘဝဆိုတာ ကိုယ်တိုင်လှပအောင်တည်ဆောက်ရမယ့်အရာတစ်ခုပါ။ အားမလိုအားမရဖြစ်ခြင်းတွေ၊ စိတ်ဓာတ်ကျဝမ်းနည်းမှုတွေကို ချန်ထားခဲ့လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။