ကိုယ့်ချစ်သူနဲ့ အဆင်မပြေတာတွေကို အခြားကောင်မလေးဆီမှာ ရင်ဖွင့်တိုင်ပင်တဲ့ ချစ်သူကောင်လေးကို ဘာလုပ်ရမလဲ။

blank

ကျွန်မချစ်သူနဲ့ ကျွန်မကချစ်သူသက်တမ်းတော်တော်ကြာပါပြီ။ စိတ်ကောက်တတ်တဲ့ ကျွန်မကို ခဏခဏချော့ရတာက လွဲရင် အခြားပြဿနာကြီးကြီးမားမားမရှိပါဘူး။ ကျွန်မကလည်း အကြာကြီးစိတ်မကောက်တတ်သလို သူကလည်း ကျွန်မကိုစိတ်ရှည်လက်ရှည် ချော့တတ်ပါတယ်။ ငယ်ငယ်ကတည်းကလည်းသူငယ်ချင်းဆိုတော့ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်အဝရှိပါတယ်။ နှစ်ဖက်မိဘတွေကလည်း ကျွန်မတို့နှစ်ယောက်  မကြာမီမှာလက်ထပ်ကြတော့မယ်လို့ သိထားကြပါတယ်။

မကြာသေးမီက ကျွန်မသူငယ်ချင်းရဲ့ မွေးနေ့မှာ သူ့ကောင်လေးနဲ့ ပတ်သက်ပြီး စုံတွဲတစ်တွဲနဲ့ မိတ်ဆွေဖြစ်သွားပါတယ်။ လူငယ်တို့သဘာဝ ဖေ့ဆ်ဘုတ်အကောင့်တွေဖလှယ်ရင်း သူငယ်ချင်းတွေဖြစ်သွားပါတယ်။ အဲ့ဒီစုံတွဲမှာ ကောင်မလေးက ကျွန်မကောင်လေးကို လာလာပြီး ဖေ့ဆ်ဘုတ် messenger ကနေ စကားတွေလာပြောပါတယ်။ ကျွန်မကောင်လေးကလည်း အစကတော့ သူလာပြောတာကို ကျွန်မကိုပြောပြပါတယ်။ အခုခေတ်မှာ ဒီလိုပဲပြောနေကြတာဆိုတော့ ကျွန်မလည်း စိတ်မပူခဲ့မိဘူးပေါ့။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်က စကားတွေအရမ်းပြောလာတယ်။ ဒါကိုလည်း ကျွန်မမသိတော့ပါဘူး။ ကျွန်မကောင်လေးကလည်း သူ့ကိုကျွန်မနဲ့ပတ်သက်ပြီး ရင်ဖွင့်တယ်။ အဲ့ဒီကောင်မလေးကလည်း သူ့ချစ်သူနဲ့အဆင်မပြေတာတွေကို ကျွန်မကောင်လေးကိုပြောပြပြီး ငိုတယ်။

ဒီလိုနဲ့ တစ်နေ့မှာ အဲ့ဒီကောင်မလေးက ကျွန်မကိုလာပြောတယ် ကျွန်မကောင်လေးကို နာကျင်​​စေတာဆိုလို့ ကျွန်မပဲရှိတယ်တဲ့။ သူကတော့ ကျွန်မကောင်လေးကို သိပ်ကိုနားလည်ပေးတတ်တဲ့ကောင်မလေးပေါ့။ ကျွန်မကောင်လေးကလည်း သူ့ကိုဂရုစိုက်တယ်။ သူတို့နှစ်ယောက်ကြားမှာ ကျွန်မကပဲ ရှုပ်နေတဲ့ပုံစံနဲ့ လာပြောပါတယ်။ ကျွန်မလေ စိတ်တိုသွားပြီး ကျွန်မကောင်လေးကို မေးကြည့်တဲ့အခါမှာလည်း သူက ကျွန်မနဲ့ပတ်သက်ပြီး ရင်ဖွင့်ခဲ့တာတွေကို ဝန်ခံတယ်။  ဒါပေမဲ့ ကျွန်မကိုပဲ တကယ်ချစ်တာတဲ့။ ကောင်မလေးက လာပတ်သက်တာနဲ့ သူ့ရည်းစားနဲ့ အဆင်မပြေတာတွေကို ရင်ဖွင့်နေတာနဲ့ သူမပြောတာတွေကို နားထောင်ပေးပြီး ပြောဖြစ်တာပါတဲ့။ တစ်ခါတလေမှာဆိုရင် ဖုန်းတွေအကြာကြီးပြောဖြစ်ကြတယ်ဆိုတာကိုလည်း ဝန်ခံပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ကောင်မလေးဖက်က အရမ်းတိုးလို့ သူကပတ်သက်မိတာပါတယ်။

ကျွန်မလေ နှစ်ပေါင်းများစွာ ကြာရှည်လာတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုလည်း တန်ဖိုးထားတယ်။ ကျွန်မကို ဖုံးကွယ်ထားပြီး၊ ကျွန်မနဲ့အဆင်မပြေတာတွေကို ကျွန်မကိုမပြောဘဲ အခြားကောင်မလေးတစ်ယောက်ကို ရင်ဖွင့်တဲ့၊ အခြားကောင်မလေးရဲ့ သနားညှာတာမှုကို လိုချင်ပြီး ကျွန်မကိုခုတုံးလုပ်တဲ့ ကျွန်မချစ်သူကို ဒေါသလည်းထွက်မိတယ်။ သူကျွန်မကိုတကယ်ချစ်တယ်ဆိုရင် အဲ့ဒီလို လုပ်ပါ့မလား။ ကျွန်မသူ့ကို နောက်ထပ်ယုံကြည်သင့်ရဲ့လား။ ကျွန်မဘာလုပ်ရမလဲဟင်။