စွန့်စားပါ။ ကြိုးစားပါ။ ပြောင်းလဲမှုတွေကို ရင်ဆိုင်လိုက်ပါ။

blank

              လက်ရှိရောက်နေတဲ့နေရာ၊ လက်ရှိဖြစ်နေတဲ့နေရာမှာပဲ နေပျော်နေပြီး ရှေ့ဆက်တက်အောင် မကြိုးစားရဲတဲ့၊ အပြောင်းအလဲတွေကို ရင်မဆိုင်ရဲတဲ့စိတ်ဟာ အသက် ၂ဝကျော်လူငယ်တွေ တော်တော်များများမှာရှိနေတာကို တွေ့ရပါတယ်။ လောကမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေသလိုပဲ ပြောင်းလဲမှုဆိုတာလည်း ကောင်းသောပြောင်းလဲမှုနဲ့ ဆိုးသောပြောင်းလဲမှုဆိုပြီးရှိပါတယ်။

တစ်ခါတလေ ကျွန်မတို့ကြုံတွေ့လာရတဲ့ပြောင်းလဲမှုတွေဟာ ကျွန်မတို့ကို အောင်မြင်မှုတွေဆီရောက်အောင် ခေါ်ဆောင်သွားမယ့် စီးတော်ယာဉ်တွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ လူငယ်အများစုက “ထိုင်နေရင်အကောင်းသား၊ ထသွားမှကျိုး” ဆိုသလို ဖြစ်မှာစိုးတဲ့စိတ်နဲ့ ပြောင်းလဲဖို့ မစွန့်စားရဲဖြစ်နေကြတဲ့အချိန်မှာ ပြောင်းလဲဖို့စွန့်စားရဲတဲ့လူငယ်တွေကတော့ ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ကြိုးစားပြီး အောင်မြင်စပြုနေကြပါပြီ။

ပြောင်းလဲမှု၊ စွန့်စားမှုနဲ့ ပတ်သက်ပြီး ကျွန်မရဲ့အတွေ့အကြုံလေးတွေကို ပြောပြရဦးမယ်။ ကျွန်မဘွဲ့ရပြီးပြီးချင်း ကျွန်မရဲ့ဝါသနာနဲ့ထပ်တူကျတဲ့ အလုပ်တစ်ခုရခဲ့တယ်။ ဒါဟာ ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ အဲဒီမှာ အလုပ်လုပ်ရင်း အချိန် ၂နှစ်လောက်ကြာတဲ့အခါမှာ ကျွန်မတို့ရဲ့ ဌာနတစ်ခုလုံး နိုင်ငံခြားကရုံးခွဲကို ပြောင်းရမယ်လို့ ပြောခဲ့တယ်။ “ကျွန်မမိသားစုနဲ့ ခွဲနေနိုင်ပါ့မလား၊ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းနေနိုင်ပါ့မလား” ဆိုတဲ့ မေးခွန်းပေါင်းများစွာ၊ အတွေးပေါင်းများစွာကြောင့် ကျွန်မပြောင်းလဲဖို့၊ စွန့်စားဖို့ မဝံ့မရဲဖြစ်နေခဲ့မိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီလို ဝေခွဲရခက်နေတဲ့အချိန်မှာ ကျွန်မကံကောင်းစွာနဲ့ပဲ ကျွန်မရဲ့ အစ်ကိုနဲ့ဆွေးနွေးရင်း အတွေးသစ်အမြင်သစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်မအစ်ကိုက ကျွန်မကို ပြောင်းလဲမှုတွေကိုရင်ဆိုင်ဖို့ တိုက်တွန်းခဲ့တယ်။ ပြောင်းလဲဖို့ ကြောက်ရွံ့နေမယ့်အစား ကောင်းသောပြောင်းလဲခြင်းဖြစ်အောင် ကြိုးစားဖို့ အကြံပေးခဲ့တယ်။

“၂ဝ ကျော်အရွယ်ဆိုတာ ငယ်သေးတဲ့အရွယ်ပါ။ ဘဝအတွက်အချိန်တွေအများကြီး ရှိနေတုန်းမှာ နေရာအသစ်ကိုသွားပြီး အတွေ့အကြုံသစ်တွေယူလိုက်ပါ။ ပြီးတော့ ကိုယ့်ဘဝကိုလည်း ပိုပြီးနားလည်နိုင်အောင်ကြိုးစားလိုက်ပါ” လို့ ကျွန်မအစ်ကိုကပြောခဲ့ပါတယ်။

ပြောင်းလဲမှုတွေကို မကြောက်မရွံ့ ရင်ဆိုင်ပြီးတဲ့နောက်မှာ ကျွန်မရင့်ကျက်လာပြီဆိုတာကို တဖြည်းဖြည်း သိလာခဲ့ရတယ်။ “ဖြစ်ပါ့မလား” လို့ထင်ထားမိတဲ့ စိုးရိမ်စရာတွေက အချိန်တန်တော့ သူ့အလိုလိုအဆင်ပြေသွားခဲ့တယ်။ ပြောင်းလဲမှုကြောင့် ကျွန်မအတွေးအမြင်တွေ ပိုဆန်းသစ်လာတယ်၊ ကျွန်မရဲ့ ကြိုးစားမှုတွေ ပိုမိုတိုးတက်လာတယ်၊ အတွေ့အကြုံအသစ်တွေ ရလာတယ်၊ ရာထူးတိုးပြီး ဝင်ငွေလည်းပိုများလာတယ်။ ပြောင်းလဲမှုတွေကြောင့် ကျွန်မပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နေရပြီလေ။

ဒါကြောင့် ဂန္ထဝင်ပရိသတ်ကြီးကို ပြောချင်တာက ပြောင်းလဲဖို့၊ စွန့်စားဖို့ကို မကြောက်ပါနဲ့။ အထူးသဖြင့် လုပ်နိုင်ကိုင်နိုင် ကြိုးစားနိုင်တုန်း လူငယ်တွေအနေနဲ့ ဘဝကို ပိုမိုတိုးတက်အောင်မြင်ဖို့ ပြောင်းလဲမှုတွေကို ရင်ဆိုင်လိုက်ပါ။ ကိုယ်မမြင်ရတဲ့ အနာဂတ်ဆိုတာ ဆိုးရင်ဆိုးနေနိုင်သလို၊ ကောင်းရင်လည်းကောင်းနေနိုင်ပါတယ်။ ဒီတော့ ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့၊ ဖြစ်နေတဲ့ဘဝမှာပဲ နေပျော်မနေပါနဲ့၊  ရပ်တန့်မနေပါနဲ့။ စွန့်စားပြီး ခြေလှမ်းအသစ်တွေ လှမ်းလိုက်ပါလို့ တိုက်တွန်းအကြံပေးလိုက်ပါရစေရှင်။

ပရိသတ်ကြီးမှာလည်း ပြောင်းလဲလိုက်မှုကြောင့် ဖြစ်လာရတဲ့ ကောင်းခြင်းဆိုးခြင်းတွေ၊ ကိုယ်တွေဖြစ်ရပ်တွေရှိနေရင် comment box မှာ ဝေမျှခဲ့ပါဦးနော်။