ထင်မှတ်မထားတဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုကိုခံရရင် ဘယ်လိုလုပ်သင့်သလဲ

blank

မိန်းကလေးတွေအားလုံး သတိထားဖို့ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုကို ပြောပြချင်ပါတယ်။

သူက ကျွန်မတို့ကောလိပ်နဲ့ ချိတ်ထားတဲ့ ကုမ္ပဏီကြီးတစ်ခုက ဒါရိုက်တာတစ်ယောက်ပါ။ ကောလိပ်မှာလည်း မကြာခဏ သင်တန်းတွေလာပေးတယ်။ ကျွန်မက အလုပ်ရှာနေတဲ့ မကြာခင်ဘွဲ့ရတော့မယ့်သူတစ်ယောက်ပါ။ ပြီးတော့ သူ့ကုမ္ပဏီမှာလည်း လစ်လပ်နေတဲ့ ရာထူးရှိတယ်လို့ သိရတယ်။

အလုပ်ကလည်းတော်တော်ကို အဆင်ပြေမယ့်အလုပ်ပါ။ အသက် (၅ဝ) အရွယ် အဲဒီကုမ္ပဏီဒါရိုက်တာကြီးကလည်း ကျွန်မရဲ့ အရည်အချင်းတွေ၊ တင်ဆက်မှုတွေကို သဘောကျတယ်လို့ ချီးကျူးလေ့ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ တစ်နေ့မှာ အဆင်မပြေတာတွေ စတော့တာပေါ့။ တစ်ရက်မှာ သူ့သင်ကြားမှုပြီးတော့ သူ့ကုမ္ပဏီနဲ့ ပတ်သက်ပြီး မေးစရာရှိတာလေးတွေမေးဖို့ နားနေခန်းကို သွားခဲ့တယ်။ နားနေခန်းမှာ ဘယ်သူမှမရှိဘူး။ ကျွန်မတို့ စားပွဲမှာထိုင်ပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

လူ ၄ ယောက်ထိုင်လို့ရတဲ့စားပွဲမှာ မျက်နှာချင်းဆိုင်မထိုင်ဘဲ ဘေးနားမှာ လာကပ်ထိုင်ကတည်းက စိတ်ထဲမှာ တစ်မျိုးကြီးခံစားမိတယ်။ ဒါပေမဲ့ သူ့ရဲ့ အသက်အရွယ်နဲ့ ပညာရာထူးတွေကြောင့် မဟုတ်တာမလုပ်လောက်ပါဘူးလို့ပဲ ထင်ခဲ့တယ်။ မကြာပါဘူး… သူဇာတိပြလာတယ်။

စကားပြောနေရင်း သူ့လက်တစ်ဖက်က ကျွန်မကို လာဖက်တယ်။ ဒီလို ကိုယ်ထိလက်ရောက်ပြုမူတာကို မခံနိုင်လို့ ကျွန်မ ဟိုဖက်ကို နည်းနည်းတိုးလိုက်တယ်။ ပြီးတော့ မေးစရာရှိတာတွေကို ဆက်မေးတယ်။ ရှင်းရှင်းပြောရရင် ကျွန်မတကယ် စိတ်အိုက်တယ်၊ နေရထိုင်ရတာလည်း မသက်သာဘူး။ ဒါပေမဲ့ သိချင်တာတွေများနေလို့ ဆက်ပြီးတော့ အောင့်အည်းသည်းခံနေခဲ့တယ်။

ဒါပေမဲ့ သူက ဒီမှာတင်ပြီးမသွားဘူး။ မေးစရာရှိတာမေးပြီးတော့ သူ့ရဲ့ လိပ်စာကတ်ကို ကျွန်မကိုပေးတယ်။ လိပ်စာကတ်ရဲ့ တစ်ဖက်မှာ သူ့အိမ်လိပ်စာကိုရေးပြီး ရုံးပိတ်ရက်ကျ လာခဲ့ဖို့ပြောတယ်။ စိတ်ထဲမှာလေ ဒေါသထွက်ပြီး ခံရခက်လို့ စကားတောင် မပြောနိုင်တော့ဘူး။ စိတ်ထဲရှိတဲ့အတိုင်း ပျစ်ပျစ်နှစ်နှစ်ပြောလိုက်ရရင်လည်း အလုပ်မရမှာကြောက်မိတယ်။ ခဏနေ ကျွန်မ ပြန်မယ်လုပ်တော့ ကျွန်မလက်ကို အတင်းဆွဲပြီး ကျွန်မနဖူးကို နမ်းခဲ့တယ်။

အိမ်အပြန်လမ်းတစ်လျှောက် စိတ်နဲ့လူနဲ့မကပ်ဘူး။ ဒေါသတွေထွက်၊ ရှက်လည်းရှက်နဲ့ စိတ်လည်းရှုပ်တယ်။ ကျွန်မဘက်က အလုပ်ကိစ္စကြောင့်မို့ ရိုးရိုးသားသားသွားမေးတာ ဒီလို ဆက်ဆံခံရဖို့လား။ ဒီလိုဖြစ်ရပ်မျိုးတွေကို ကျွန်မအပါအဝင် မိန်းကလေးတွေ ဘယ်လောက်များကြုံနေရပြီလဲ။ သူတို့ကရောဘာလို့ အသက်အရွယ်၊ ရာထူးနဲ့မှမလိုက် ဒီလိုမသင့်တော်တဲ့လုပ်ရပ်တွေ လုပ်ကြတာလဲ။

ဒီလိုကြုံတွေ့ခဲ့တဲ့ကိစ္စကို နှုတ်ဆိတ်နေသင့်သလား။ လူအများသိအောင် ဖွင့်ချပြပြီး တစ်ခုခုလုပ်သင့်လား။ ကျွန်မဘာလုပ်သင့်လဲ။