အင်တာနက်မသုံးရမနေနိုင်တာဟာ စိတ်ဝေဒနာတစ်ခုလား

blank

           အွန်လိုင်းမတက်ရရင် စိတ်တိုဖူးလား။ အင်တာနက်လိုင်းမမိတဲ့နေရာရောက်ရင် နေမထိထိုင်မသာဖြစ်ဖူးလား။ နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကျွန်မတို့တွေဟာ ဖုန်းတွေ၊ laptop တွေနဲ့ မစိမ်းတော့ပါဘူး။ အဲဒီထက်ပိုတာက အင်တာနက်ကို ရည်ရွယ်ချက်မရှိဘဲ အကြာကြီးသုံးတာတို့၊ အွန်လိုင်းမတက်ရမနေနိုင်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလို အင်တာနက်ကို စွဲလမ်းတာဟာ စိတ်ဝေဒနာတစ်ခုလား။ အဖြေကို အောက်မှာ ဆက်ဖတ်ကြည့်ရအောင်။

တကယ်တော့ ဒီလို အင်တာနက်စွဲလမ်းမှုကို စိတ်ဝေဒနာလို့ တိတိကျကျ ခေါင်းစဉ်တပ်လို့ မရပါဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ဒီစွဲလမ်းမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အင်တာနက်စွဲလမ်းနေသူတွေမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ တချို့က ဗီဒီယိုဂိမ်းတွေကစားတာ၊ တချို့က 18+ တွေကြည့်တာ၊ တချို့က အွန်လိုင်းပေါ်မှာ စကားပြောတာ၊ တချို့က facebook သုံးတာ စတဲ့ ပုံစံအမျိုးမျိုးရှိပါတယ်။ အလုပ်ကြောင့်သုံးနေရသူတွေလည်းရှိတာကြောင့် လိုတာထက်မပိုသရွေ့တော့ အင်တာနက်ကို စွဲလမ်းတဲ့ရောဂါဖြစ်နေတယ်လို့ မဆိုနိုင်ပါဘူး။

အလုပ်မှာ အင်တာနက်ကို ၇ နာရီလောက်ကြာအောင် သုံးလာတယ်ဆိုရင် ဒါဟာ စွဲလမ်းမှုမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ပြန်ရောက်တာတောင် ၆ နာရီလောက်ကြာအောင် အွန်လိုင်းဆက်သုံးနေမယ်ဆိုရင်တော့ ဒါဟာ အင်တာနက်စွဲလမ်းတဲ့ရောဂါဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။

ဗီဒီယိုဂိမ်းဆော့တယ်ဆိုတာလည်း အမြဲတမ်းကြီး ဆိုးကျိုးဖြစ်စေတယ်လို့ ပြောလို့မရပါဘူး။ ဗီဒိယိုဂိမ်းတွေကို အကျိုးရှိရှိအသုံးချပြီး စီးပွားရေးလုပ်နေသူတွေ၊ e-sports တစ်မျိုးလို့ မှတ်ယူပြီး ဆော့နေကြတဲ့သူတွေရှိပါတယ်။ အဓိကက သူ့အချိန်လေးနဲ့သူ သတ်မှတ်ပြီး အင်တာနက်သုံးဖို့ပါပဲ။ အင်တာနက်လည်းသုံး၊ အပြင်မှာလည်း လှုပ်လှုပ်ရှားရှားလုပ်၊ သဘာဝတရားကြီးနဲ့ ထိတွေ့ပေါ့။

အချိန်ပြည့်အင်တာနက်သုံးပြီး အင်တာနက်စွဲလမ်းတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့က ကိုယ့်အချိန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲပြီး ကိုယ့်စိတ်ကို ထိန်းနိုင်မှ ရမှာပါ။ ဒီတော့ ဖုန်းကိုချ၊ laptop ပိတ် အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်လိုက်ဦး။ သူငယ်ချင်းတွေနဲ့ အတူတူလျှောက်လည်လိုက်ပါဦးနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။