“လောကကြီးမှာ ဘယ်အရာမှမမြဲဘူး” ဆိုတာပြသနေတဲ့ပုံပြင်လေးတစ်ပုဒ်

blank

ဗုဒ္ဓမြတ်စွာဘုရားဟာ တစ်ခါမှာ ညီတော်အာနန္ဒာမထေရ်နဲ့အတူ တောလမ်းအတိုင်း ခရီးနှင် တော်မူပါတယ်။ အလွန်ပူပြင်းတဲ့နွေနေ့လယ်ခင်းဖြစ်တာကြောင့် လမ်းခရီးတစ်နေရာရောက်တော့ ရေဆာလာကြပါတယ်။ ဒါနဲ့ ဘုရားရှင်က…

“ ညီတော်… စောစောတုန်းက ကျွန်ုပ်တို့တွေဟာ စမ်းချောင်းလေးတစ်ခုကို ဖြတ်ခဲ့ကြတာ မှတ်မိလား။ အဲ့ဒီကို သင်ပြန်သွားပြီး ရေခပ်လာခဲ့ပါ ” လို့ မိန့်တော်မူပါတယ်။

ညီတော်အာနန္ဒာဟာ ဘုရားရှင်ရဲ့ညွှန်ကြားချက်တိုင်း နောက်ပြန်လှည့်ခဲ့တော့ စမ်းချောင်းလေးကို တွေ့ပါတယ်။ ဒါပေမဲ့ စမ်းချောင်းက အလွန်သေးပြီး တောကောင်တချို့ကလည်း ဖြတ်သန်းသွားလာနေကြတာကြောင့် ရေတွေညစ်ပတ်နောက်ကျိနေတယ်။ ဘယ်လိုမှသောက်လို့ မဖြစ်တာကြောင့် ညီတော်အာနန္ဒာဟာ ပြန်လှည့်လာပြီး ဘုရားရှင်ကို လျှောက်ပါတယ်။

“ အရှင်ဘုရား… စမ်းချောင်းရေက ညစ်ပတ်ပြီး သောက်လို့မရပါဘူး။ ဒီကနေ မိုင်အနည်းငယ်လောက်လျှောက်ရင် မြစ်တစ်စင်းရှိတယ်လို့ တပည့်တော်သိထားပါတယ်။ ဒါကြောင့် တပည့်တော်တို့ ရှေ့ဆက်သွားပြီး အဲ့ဒီနေရာကရေကိုပဲ သောက်ကြရအောင်ဘုရား”

ဘုရားရှင်က ငြင်းပယ်ပါတယ်။

“ စောစောကစမ်းချောင်းဆီကိုပဲ ပြန်သွားပါ ညီတော်” လို့ ထပ်မိန့်တာနဲ့ ရှင်အာနန္ဒာခမျာ နောက်တစ်ကြိမ်ထပ်သွားရပြန်ပါတယ်။ သွားသာသွားရတယ်။ သောက်ဖို့ရေ မရနိုင်တာကိုလည်း သိနေတော့ အားမရှိပါဘူး။ ဘုရားရှင်ဟာ သက်သက်အချိန်ဖြုန်းနေတာလို့ပဲ ထင်နေတယ်။ တကယ်လည်း သောက်ဖို့ ရေကရမလာပါဘူး။ ဒါနဲ့ ပြန်လာပြန်တော့လည်း ဘုရားရှင်က ထပ်သွားစေပြန် ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရှင်အာနန္ဒာဟာ စိတ်မပါတပါနဲ့ပဲ စမ်းချောင်းရှိရာ တတိယအကြိမ်မြောက်ရောက်သွား တဲ့အခါမှာတော့ ရေက ကြည်လင်နေပါပြီ။ ရေထဲမှာလည်း ဘာတိရစ္ဆာန်မှ ဖြတ်သန်းမနေတော့ပါဘူး။ သစ်ရွက်ခြောက်တွေကလည်း တစ်နေရာမှာ သွားစုပြီး စမ်းချောင်းတစ်ခုလုံး ရေတွေစိမ်းလဲ့ကြည်လင် နေပါတယ်။ အရှင်အာနန္ဒာဟာ ဝမ်းသာအားရနဲ့ရေတွေ ခပ်ယူလာပြီး ဘုရားရှင်ကို ကပ်လှူပါတယ်။ ပြီးတော့ ဘုရားရှင်ကို ရှိခိုးပြီး…

“ အရှင်ဘုရားဟာ တပည့်တော်ဘဝအတွက် အင်မတန်ကောင်းတဲ့ သင်ခန်းစာတစ်ခုကို ပေး လိုက်တာပါပဲ။ အဲ့ဒီသင်ခန်းစာကတော့ စိတ်ရှည်သည်းခံခြင်းဆိုတာ အောင်မြင်မှုတစ်ခုကို ရရှိစေတဲ့ အရာဆိုတာပါ။ ဘယ်အဆိုးတရားမှ ကြာရှည်မမြဲပါဘူး။ မိမိဘက်က ဇွဲမလျှော့ဘဲ စိတ်ရှည်လက်ရှည် သည်းခံစောင့်ဆိုင်းဖို့ပဲလိုတယ်ဆိုတာ တပည့်တော်သိသွားပါပြီ” လို့ လျှောက်လိုက်ပါတယ်။

စာချစ်သူတို့ကော ဒီပုံပြင်လေးထဲကနေ ဘာလေးတွေရလိုက်လဲဆိုတာကို comment box မှာ မျှဝေခဲ့ပါဦးနော်။