ကတိတစ်ခုရဲ့ အဆုံးမဲ့သစ္စာ

ဖြူ့မှာအရမ်းချစ်ရတဲ့ ချစ်သူရှိတယ်။ ဒါပေမဲ့ ဖြူနဲ့မောင်ကို ဖြူ့မိဘတွေကသဘောမတူကြဘူး။ မောင့်အိမ်ကဆင်းရဲလို့တဲ့။ ဟုတ်တယ်… မောင်တို့တွေက ဖြူတို့လောက် မချမ်းသာဘူး။ ပြီးတော့ ဖြူကတစ်ဦးတည်းသောသမီးဆိုတော့ မေမေတို့ကတော်ရုံလူနဲ့ သဘောမတူတာမဆန်းပါဘူးလေ။

မေမေတို့က ဖြူ့ကိုပြောတယ် “နင်သူ့ကိုယူရင် ဆင်းရဲမှာ၊ ပင်ပင်ပန်းပန်းလုပ်ကိုင်စားရမှာ” တဲ့။

နေ့ရှိသရွေ့ဒီလိုတွေ အပြောခံနေရတော့ ဖြူစိတ်တွေ ယိုင်လာတယ်။ မောင်နဲ့တွေ့တိုင်းမောင့်ကိုအားမလိုအားမရတွေ၊ စိတ်မရှည်တာတွေဖြစ်ပြီးရန်ရှာမိတယ်။ ဒါပေမဲ့ ဖြူ့ရင်ထဲမှာတော့ မောင်ကနက်နက်ရှိုင်းရှိုင်းနေရာယူထားတယ်လေ။

“မောင်… ဖြူ့ကိုဘယ်လောက်ထိချစ်လဲ”

အဲဒီမေးခွန်းမေးလိုက်တိုင်းမောင်ကကောင်းကောင်းမဖြေဘူး။ ကောင်းကောင်းမဖြေတော့ ဖြူကစိတ်ဆိုးရတယ်။ အိမ်ကလူတွေကပြောတယ် မောင်က ဖြူ့ကိုချစ်တာမဟုတ်ဘူးတဲ့။ ဖြူကချမ်းသာလို့ သိုက်တူးချင်တာတဲ့။ ဒီလိုပြောခံရပါများလေလေ၊ ဖြူမောင့်အပေါ် စိတ်မရှည်လေလေ ဖြစ်တော့တာပဲ။ ဒီလိုနဲ့ မောင်ဆိုတာက ဖြူ့ရဲ့ ဒေါသပုံချလို့ရတဲ့ ပစ်မှတ်ကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ အံ့သြစရာကောင်းတာက ဖြူဘယ်လောက်ပြဿနာရှာရှာ၊ စိတ်ဆိုးပြီးပြောပြောမောင်ကဘာမှ ပြန်မပြောဘဲနှုတ်ဆိတ်ပြီး ငြိမ်ခံနေခဲ့တယ်။

နောက်တော့ ပညာတော်ပြီး ကြိုးစားတဲ့ မောင်ကဘွဲ့ရပြီး နိုင်ငံခြားမှာကျောင်းဆက်တက်ရင်းအလုပ်လုပ်ဖို့ ထွက်သွားခဲ့တယ်။ မောင် နိုင်ငံခြားမသွားခင်မှာ ဖြူ့ကိုလက်ထပ်ခွင့်တောင်းခဲ့တယ်။

“မောင် စကားအနုအရွလေးတွေ မပြောတတ်ဘူး။ ဒါပေမဲ့ မောင် ဖြူ့ကိုသိပ်ချစ်တယ်။ ဖြူသာသဘောတူမယ်ဆိုရင် ဖြူ့ဘဝရဲ့တစ်ခုလုံးကိုမောင် တာဝန်ယူချင်တယ်။ ဖြူ့မိဘတွေကိုရောပဲ။ သူတို့ သဘောတူကြည်ဖြူလာအောင် မောင်ကြိုးစားခဲ့မယ်နော်။ မောင် ဖြူ့ကိုလက်ထပ်ယူမယ်။ မောင် ကတိပေးပါတယ်” တဲ့။ ဒါကမောင့်ရဲ့ ကတိစကားပေါ့။

ပညာပဲလိုချင်ပြီးစည်းစိမ်အားနည်းတဲ့မောင်ဟာဟိုမှာအရမ်းရုန်းကန်ကြိုးစားရရှာတယ်။ ဖြူလည်းအသံလွှင့်ဌာနမှာအစီအစဉ်တင်ဆက်သူအဖြစ်အလုပ်လုပ်၊ မောင်ကလည်း နိုင်ငံခြားမှာကျောင်းစာတွေတစ်ဖက်၊ အချိန်ပိုင်းအလုပ်တွေ တစ်ဖက်နဲ့ နှစ်ယောက်သားဖုန်းထဲကနေပဲအလွမ်းသယ်ကြရတယ်။ ပင်ပန်းနေတဲ့ မောင့်အတွက် ဖုန်းထဲက ဖြူ့အသံကအားဆေးတစ်ခွက်ပဲတဲ့။

မိုးအုံ့တဲ့ တစ်နေ့မှာပေါ့။ ထုံးစံအတိုင်း ဖြူအလုပ်သွားဖို့ မှတ်တိုင်မှာဘတ်စ်ကားစောင့်နေခဲ့တယ်။ အဲဒီအချိန်မှာကားတစ်စီးကဘရိတ်ပေါက်ပြီုး ဖြူ့ဆီကိုတည့်တည့်ဝင်လာတယ်။ဖြူနောက်ဆုံးသိလိုက်တာက ပြင်းထန်တဲ့နာကျင်မှုရယ်၊ အော်သံတွေရယ်၊ အမှောင်ထုကြီးရယ်ပါပဲ။

ဖြူသတိပြန်ရလာတော့ ဖြူ့ဘေးနားမှာမေမေနဲ့ဖေဖေရပ်ပြီး ဖြူ့ကိုကြည့်နေတယ်။ မေမေ့မျက်ဝန်းမှာမျက်ရည်စတွေနဲ့။ ဖေဖေကလည်းမျက်နှာမကောင်းဘူး။တော်သေးတာပေါ့။ ဖြူမသေသေးလို့။ ဖြူ မောင်နဲ့ တွေ့ရဦးမှာမလား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖြူ့ကိုကြည့်ပြီးငိုနေတဲ့မေမေ့ကိုမငိုဖို့၊ မစိုးရိမ်ဖို့ ဖြူပြောလိုက်တယ်။ ဒါပေမဲ့ ဖြူ့နှုတ်ခမ်းတွေကနေစကားသံတွေ ထွက်မလာခဲ့ဘူး။ စကားပြောနိုင်ဖို့ ကြိုးစားတယ်။ အော်တယ်။ ဒါပေမဲ့ ဘာအသံမှ မထွက်လာဘူး။ ကားတိုက်မှုမှာရတဲ့ဒဏ်ရာကြောင့် ဖြူ့ဦးနှောက်နည်းနည်းထိမိပြီးတစ်ဘဝလုံးစကားပြောနိုင်တော့မှာမဟုတ်ဘူးတဲ့လေ။ အဲဒီနေ့ကစပြီးနေ့တိုင်း ဖြူငိုခဲ့တယ်။ ဖြူဒီလို ဖြစ်သွားတာကိုမောင့်ကိုလုံးဝမပြောဖို့ အားလုံးကိုတားထားရတယ်။ မောင်သိလို့ မဖြစ်ဘူး။

ဖြူဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်လာခဲ့တယ်။ အားလုံးကအရင်အတိုင်းပါပဲ။ အသံကိုအဓိကထားပြီးအလုပ်လုပ်ရတဲ့ ရေဒီယိုအသံလွှင့်တဲ့အလုပ်ကနေထွက်ခဲ့ရတယ်။ မောင့်ဆီကလည်းဖုန်းတွေလာတယ်။ အရင်ကမောင့်ဆီကဖုန်းလာရင် ပျော်ရသလောက် အခုမောင့်ဆီကဖုန်းလာချိန်တိုင်းဟာ ဖြူ့အတွက် ကြောက်စရာအချိန်တွေပါပဲ။

စကားမပြောနိုင်တော့တဲ့ ဖြူ့ဘဝထဲကိုမောင့်ကိုဘယ်လိုခေါ်သွင်းရက်နိုင်မှာလဲ။ နောက်ဆုံး ဖြူဆုံးဖြတ်ချက်ချပြီးမောင့်ဆီကိုစာပို့ခဲ့တယ်။ မောင့်ကိုမချစ်နိုင်တော့တဲ့အကြောင်း၊ လမ်းခွဲဖို့၊ ပြီးတာ့ အဆက်အသွယ်မလုပ်ဖို့ပေါ့။ အဲဒီစာလေးနဲ့အတူမောင်ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ ပြန်ပေးခဲ့တယ်။ အခုထိမောင့်ဆီကဖုန်းတွေလာတိုင်း၊ စာတွေလာတိုင်း ဖြူ မျက်ရည်ကျနေရတုန်းပါပဲ။

ပူဆွေးဝမ်းနည်းပြီးစိတ်ဓာတ်ကျနေတဲ့ဖြူ့ကိုမကြည့်ရက်တော့တာကြောင့် ဖေဖေကတခြားမြို့ကိုပြောင်းဖို့ စီစဉ်ခဲ့တယ်။ ပတ်ဝန်းကျင်အသစ်မှာဆိုရင် ဖြူ့စိတ်တွေ ပြောင်းသွားလိမ့်မယ်တဲ့။ ဖြူ စိတ်ဓာတ်ကျနေတာတွေကို ပြန်လည်မြှင့်တင်ခဲ့တယ်။ ပြီးတော့ ခြေဟန်လက်ဟန်ပြပြီးစကားပြောရတဲ့ sign language ကို ဖြည်းဖြည်းချင်းသင်တယ်။ ပြီးတော့ မောင့်ကိုမေ့ဖို့လည်း ကြိုးစားနေတုန်းပါပဲ။

တစ်ရက်မှာ ဖြူ့သူငယ်ချင်းတစ်ယောက် ဖြူ့ကိုလာပြောတယ်။ မောင်ပြန်ရောက်နေပြီတဲ့။ အရင်ကဆိုဒီအကြောင်းကြားကြားချင်းအပျော်ဆုံးဖြစ်သွားမယ့်သူကဖြူရယ်ပါ။ အခုတော့…။

မောင်ကဖြူ့ကိုနေရာအနှံ့မှာလိုက်ရှာနေတဲ့အကြောင်း၊ ဖြူတားထားလို့ ဘယ်သူမှ ဖြူ့အကြောင်းမပြောဘူးဆိုတဲ့အကြောင်း ပြန်ကြားရတယ်။ ပြီးတော့ အားလုံးက ဖြူ့ကိုမေ့လိုက်တော့လို့မောင့်ကိုပြောကြတယ်တဲ့။

ဒီလိုနဲ့ တစ်နှစ်ကြာသွားခဲ့တယ်။ မောင့်ဆီကလည်းဘာသတင်းမှ မကြားရတော့ဘူး။ ဖြူလည်းနေတတ်ခဲ့ပါပြီ။

ဒီနေ့ ဖြူ့ဆီကိုသူငယ်ချင်းတစ်ယောက် ရောက်လာတယ်။ သူပြောတယ် “မင်းမင်းကလက်ထပ်တော့မှာ” တဲ့။ ပြီးတော့ ဖြူအရမ်းကြိုက်တဲ့ အဖြူရောင် မင်္ဂလာဖိတ်စာလှလှလေး ဖြူ့ကိုပေးတယ်။ မောင့်ကိုမေ့ထားလိုက်ပြီဆိုပေမဲ့ ဒီသတင်းကြားတော့ ဖြူ ဝမ်းနည်းရတာပါပဲ။ သူငယ်ချင်းရှေ့မှာမျက်ရည်တွေ ကျပြီးမှ မောင်နဲ့တစ်ဘဝလုံးပေါင်းဖက်သွားမယ့် မိန်းကလေးကိုသိချင်တဲ့စိတ်ကြောင့် ဖိတ်စာလေးကိုဖွင့်ဖတ်လိုက်တယ်။ သတို့သမီးနာမည်မှာ ဖြူ့နာမည်နဲ့တဲ့။

ဖြူအရမ်းအံ့သြသွားပြီးသူငယ်ချင်းကိုမေးမလို့အလုပ်မှာမောင် ဖြူ့ရှေ့ကိုရောက်လာတယ်။ပြီးတော့ ဖြူနားလည်တဲ့ sign language နဲ့

“ဖြူ့လိုမျိုးsign language နဲ့ပြောတတ်ဖို့ကိုယ်တစ်နှစ်လောက်သင်လိုက်ရတယ်။မောင်နဲ့ဖြူနဲ့ ထားခဲ့တဲ့ ကတိစကားတွေကိုမောင်မမေ့ပါဘူး။ တကယ်လို့များ ဖြူခွင့်ပြုမယ်ဆိုရင် မောင် ဖြူ့ရဲ့ စကားသံလေး ဖြစ်ပါရစေ။ မောင့်ကိုလက်ထပ်ပါနော်။” လို့ ပြောတယ်။

ဖြူ့မျက်ဝန်းမှာမျက်ရည်စတွေနဲ့ ဒါပေမဲ့ နှုတ်ခမ်းမှာတော့ အပြုံးတွေနဲ့ပေါ့။ သေချာပါတယ်… ဖြူ့ရဲ့ မျက်ရည်တွေဆိုတာမောင့်ရဲ့ ကတိသစ္စာစောင့်သိမှုအတွက် ဂုဏ်ယူဝမ်းသာမိတဲ့ မျက်ရည်တွေပဲမဟုတ်လား…။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။