အိမ်ခြေရာမဲ့ဘဝမှ ဟားဗတ်ဘွဲ့ရဖြစ်လာခဲ့တဲ့ ရဲရဲတောက်နှင်းဆီပန်းလေးတစ်ပွင့်

          သူမရဲ့အမည်က လဇ်မာရေး(Liz Murray) ဖြစ်ပါတယ်။ သူမအသက် ၁၅ နှစ်အရွယ်မှာ သူမ ရဲ့ မိခင်ဖြစ်သူက HIV ရောဂါနဲ့ ကွယ်လွန်ပြီး ဖခင်ဖြစ်သူက အိမ်ခြေရာမဲ့များကို စောင့်ရှောက်တဲ့ ဂေဟာကို ပြောင်းရွှေ့လိုက်တာကြောင့် သူမလည်း အိမ်ခြေရာမဲ့တစ်ယောက် ဖြစ်လာပါတယ်။ လူအများစုအတွက်တော့ အဲ့ဒီလိုအခြေအနေဟာ ဘာမှဆက်လုပ်လို့မရတော့တဲ့လက်ငင်းအဖြစ်ကိုပဲ ကြည့်ပြီး စိတ်ဓာတ်ကျချင်စရာပါ။ ဒါပေမဲ့ လဇ်ကတော့ စိတ်ဓာတ်ကျရမယ့်အစား ပိုကောင်းတဲ့လမ်းတစ်ခုကို ရှာဖွေခဲ့တယ်။ သူမဟာ နှစ်နှစ်အတွင်းမှာပဲ ပြည်တွင်းအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်ရောက်ပြီး ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရအောင်ယူခဲ့တယ်။ ပြီးတော့ စာရေးသူတစ်ယောက် ဖြစ်လာခဲ့တယ်။ New York Times မှာ စာအုပ်ရောင်းအားအကောင်းဆုံးစာရေးဆရာအဖြစ် ဖော်ပြခံရသလို သူမရေးသားခဲ့တဲ့ Breaking Night: A Memoir of Forgiveness, Survival, and My Journey from Homeless to Harvard တွေဟာလည်း တီဗွီဇာတ်လမ်းတွေအဖြစ် ရိုက်ကူးခံရပါတယ်။ လဇ်ဟာ အခက်အခဲတွေကြောင့် သူမရဲ့အနာဂတ်ကိုပျက်စီးမခံဘဲ ပိုအောင်မြင်အောင် ကြိုးစားခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နယူးယော့ခ်နိုင်ငံရဲ့လမ်းတွေပေါ်က နှင်းဆီပွင့်လေးလို့ ဆိုကြတဲ့ လဇ်ဟာ နိုင်ငံတကာဟော ပြောကောင်းသူတစ်ဦး၊ စာရေးသူတစ်ဦးဖြစ်လာတဲ့အပြင် တခြားသူတွေရဲ့ဘဝလမ်းညွှန်နည်းပြတစ် ယောက်အထိပါဖြစ်လာခဲ့ပါတယ်။

ဒီနေ့မှာဆိုရင် လဇ်ဟာ သူမရဲ့မျှော်လင့်ချက်တွေအကြောင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ အကြောင်း လူထုဟောပြောပွဲတွေနဲ့ ပုဂ္ဂလိကဆိုင်ရာလုပ်ငန်းခွင်တွေကတစ်ဆင့် ကမ္ဘာအနှံ့ပျံ့နှံ့အောင် ဖြန့်ကျက်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ သူမဘဝအတွက် လေ့လာသင်ယူမှုတွေကိုလည်း ရပ်တန့်ပစ်ခြင်း မရှိသေးပါဘူး။ မြင့်မားတဲ့ရည်မှန်းချက်စာရင်းတွေ တစ်သီကြီးရှိနေဆဲဖြစ်ပါတယ်။

သူမပြောလေ့ရှိတာက “ အခုဆိုရင် ကျွန်မမှာ တိုက်ခန်းရှိပြီ။ နေစရာ၊ အိပ်စရာ၊ စားစရာလည်း မပူရတော့ဘူး။ ဒီလိုအခြေအနေမှာ ကျွန်မရဲ့ကြိုးစားမယ်ဆိုတဲ့ တက်ကြွမှုတွေလည်း အရင်ကလို လွယ်လွယ်နဲ့ ရောက်မလာတော့ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ကျေနပ်ရောင့်ရဲစိတ်ကို မမွေးဘူး။ အဲ့ဒီစိတ်ကသာ ကျွန်မရဲ့တိုးတက်ကြီးပွားမှုကို ဖော်ဆောင်ပေးမယ့် အဓိကအရင်းအမြစ်ဖြစ်တယ်။ ကျွန်မကို ပိုကောင်းတဲ့နေရာတွေဆီ ရောက်ရှိစေမယ့် လှေကားထစ်တွေလည်း ဖြစ်တယ်လေ ” တဲ့။

ဒါ့အပြင် …“ လူတိုင်းဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့အလုပ်တွေ၊ အိမ်တွေ၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးမှာကို ကြောက်ကြတယ်။ တကယ်ဆုံးရှုံးသွားတော့လည်း ဘာမှမတတ်နိုင်ပါဘူး။ လက်ခံကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က လူသားတွေမို့ပါ။ ကျွန်မပြောချင်တာက အားလုံးကို ဆုံးရှုံးသွား ရင်တောင် သင့်မှာ သင်ရှိသေးတယ်။ သင့်အသက်ရှူနေသေးတယ်။ သင် မတ်တပ်ရပ်နိုင်သေးတယ်။ ပြီးတော့ သင့်နှလုံးလည်း ခုန်နေပါသေးတယ်။ အဲ့ဒီကနေ သတ္တိခွန်အားကို ယူပါ။ ဘဝက ကျောက်သင်ပုန်းအလွတ်လိုပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ရေးဆွဲပုံဖော်လိုက်ပါ ” လို့ လည်း သူမက တိုက်တွန်းထားပါသေးတယ်။

ကဲ… သင်ကော လက်ရှိနေရာကနေ ပိုတိုးတက်အောင်မြင်တဲ့ဘဝတစ်ခုဆီ လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလား။ စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။