ကိုယ့်ရဲ့ တန်ဖိုးကို အကောင်းဆုံးမြှင့်တင်နိုင်မယ့် ရွှေရောင်လျှို့ဝှက်ချက်

blank

သင့်လက်ကို ဓားရှသွားတယ်ဆိုရင် အဲဒီဒဏ်ရာကို သက်သာပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်သိပါတယ်။ ဒဏ်ရာကို ဆေးကြောမယ်၊ အနာကျက်ဆေးထည့်ပြီး ပလာစတာကပ်ထားမယ်။ နည်းလမ်းလေးတွေက သိပ်ကိုလွယ်ကူပါတယ်။

ဒါပေမဲ့ စိတ်နှလုံးမှာ ဒဏ်ရာရသွားရင်တော့ စိတ်ဒဏ်ရာကို ပျောက်ကင်းအောင် ကုစားနိုင်မယ့် နည်းလမ်းတွေက ထင်သလောက်မလွယ်ကူပါဘူး။ နာကျင်ထိရှလွယ်တဲ့ စိတ်ခံစားမှုတွေကို ကုသပေးနိုင်ဖို့ ဆေးသေတ္တာဆိုတာလည်း ရှိမှမရှိတာ။ ဒါပေမဲ့ ကံကောင်းစွာပဲ စိတ်ပညာရှင်တစ်ဦးက လူသားတွေ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဒဏ်ရာလေးတွေကို ကုသနိုင်ဖို့ နည်းလမ်းလေးတွေကို ညွှန်ပြခဲ့ပါတယ်။

လူတွေရဲ့ နေ့စဉ်ဘဝမှာ အများဆုံးကြုံတွေ့နေရတဲ့ စိတ်ဒဏ်ရာလေးကတော့ ငြင်းပယ်ခံရခြင်းကြောင့် ရရှိလာတဲ့ စိတ်ဒဏ်ရာလေးတွေပါပဲ။ အပယ်ခံရခြင်းတွေဟာ စိတ်နှလုံးကို နာကျင်စေရုံသာမက ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေကိုပါ ဆုတ်ယုတ်စေပါတယ်။ ဥပမာပြောရရင် စာမေးပွဲကျတဲ့ကလေးတစ်ယောက်ဟာ သူ့ဉာဏ်ရည်ကို အထင်သေးသွားနိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်ခွင့်ပန်လို့ ငြင်းပယ်ခံရခြင်းကလည်း ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးကို အထင်သေးစိတ်ဝင်သွားစေနိုင်တယ်လေ။ ဒီတော့ ငြင်းပယ်ခံရခြင်းကြောင့် ရလာနိုင်တဲ့ စိတ်ဒဏ်ရာတွေကို ကုသနိုင်ဖို့က ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်နိုင်ဖို့ကလည်း နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲဒီထဲကမှ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက ကိုယ့်ကိုယ်ကို အကောင်းမြင်တတ်ဖို့၊ ကိုယ့်ကိုယ်ကို အကောင်းပြောဖို့ပါပဲ။ ကိုယ့်ရဲ့ ယုံကြည်မှုတွေထဲမှာကို ကိုယ့်ကိုယ်ကို အကောင်းမြင်ခြင်းက ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်ပေးရာရောက်ပါတယ်။

ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ တန်ဖိုးရှိပြီး ကောင်းမွန်တဲ့ ပါရမီ ဒါမှမဟုတ် အရည်အချင်း အနည်းဆုံး (၅)ခုလောက် ချရေးလိုက်ပါ။ ချစ်ခွင့်ပန်တာကို ငြင်းပယ်ခံရရင် “ငါက သစ္စာရှိတဲ့သူတစ်ယောက်။ ချစ်ခင်ကြင်နာမှုအပြည့်ရှိတယ်၊ ပြီးတော့ချစ်သူကို ပျော်အောင်ထားနိုင်တယ်” လို့ ချရေးလိုက်ပါ။ အဲဒီလိုပဲ ငြင်းပယ်ခံရမှုတွေ၊ ကျရှုံးမှုတွေ ကြုံလာတိုင်း ကိုယ့်ရဲ့ အကောင်းဆုံးတန်ဖိုးတွေ၊ အရည်အချင်းတွေကို ချရေးထားလိုက်ပါ။ နည်းနည်းကြောင်တောင်တောင်နိုင်တယ်ထင်ရပေမဲ့ အချိန်ကြာလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေ သိသိသာသာကြီးမြင့်တက်လာပါလိမ့်မယ်။ ပြီးတော့ ဒါဟာ ကျရှုံးမှုတွေကြားနေ ကိုယ့်အတွက် ကောင်းကျိုးရအောင်ယူနည်းဖြစ်တာကြောင့် “အမှိုက်ထဲကနေ ရွှေဖြစ်အောင်လုပ်တယ်” လို့လည်း ပြောလို့ရပါသေးတယ်။

ဒါကြောင့် စာချစ်သူတို့ရေ… နောက်တစ်ခါ ဘယ်နေမှာ၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငြင်းပယ်ခံရတယ်၊ ကျရှုံးတယ်၊ ကိုယ့်ကိုယ်ကို အထင်သေးမိနေတယ်ဆိုရင် အကောင်းဆုံးကုစားနည်းက ဘောပင်န်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်ကိုယူပြီး ကောင်းကွက်လေးတွေကို ချရေးလိုက်ပါ။ တကယ်စမ်းကြည့်ရင် အကျိုးထူးတာကို သိရပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။