ရည်မှန်းချက်ဆန္ဒဆိုတာ ကြိုးစားမှုအရှိန်ရလာမှ သိလာနိုင်မယ့်အရာ

blank

           “မင်းဘဝမှာ စွဲစွဲလန်းလန်းဖြစ်ချင်တဲ့ ဆန္ဒကဘာလဲ” လို့ အမေးခံရဖူးလား… ဒါမှမဟုတ် ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်ပြီး     မေးဖူးလား။ ဒီမေးခွန်းလေးကို ကြည့်လိုက်ရင် လွယ်လွယ်လေးလို့ ထင်ရပေမဲ့ ဖြေဖို့ကတော့ ခက်ခဲပါတယ်။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို ရှာဖွေဖို့က ဘဝအောင်မြင်မှုအတွက်လို့ လူတော်တော်များများက ထင်နေကြပေမဲ့ တကယ်က ဒီအသိအမြင်ကလူတွေအတွက် သင့်တော်တဲ့ အကြံဉာဏ်ရော ဟုတ်လို့လား။

လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ တယ်ရီ ထရက်စပီစီယို (Terri Trespicio) ကတော့ လူတွေအနေနဲ့ သူတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ရှာဖွေနေတာတွေ ရပ်သင့်တယ်လို့ ဆိုပါတယ်။ စိတ်ဆန္ဒက အောင်မြင်မှုအတွက် အားဖြည့်ပေးတာထက် အောင်မြင်မှုက စိတ်ဆန္ဒကို ပိုပြီးအားဖြည့်ပေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တယ်ရီဟာ သူ့ရဲ့ ရည်မှန်းချက်အလုပ်အကိုင်ဖြစ်တဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူမဖြစ်ခင်က သူ့ဘဝရဲ့ စိတ်ဆန္ဒရည်မှန်းချက်ကို အရင်သိဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူမဟာ ဖြစ်ချင်တဲ့ ရည်မှန်းချက်စိတ်ဆန္ဒကို ထိုင်ပြီးရှာဖွေနေရုံနဲ့ တွေ့မလာနိုင်ဘူးဆိုတာ နားလည်သွားပါပြီ။ အဲဒီနောက်မှာတော့ သူမဟာ လုပ်နိုင်သလောက်လုပ်ပြီး ကြိုးစားလေ့လာခဲ့ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှုတွေနောက်မှာ သူမရဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်ဆန္ဒရှိနေတာကို အံ့သြစရာကောင်းစွာပဲ တွေ့ရှိခဲ့ရပါတယ်။

သူမတွေးထားဖူးတဲ့ ဖြစ်ချင်တဲ့ဘဝနဲ့ မဆိုင်တဲ့ အခွင့်အလမ်းတွေကို ငြင်းပယ်မဲ့အစား ရသမျှအခွင့်အလမ်းတွေကို ကောင်းကောင်းအသုံးချပြီး ဘဝတိုးတက်ဖို့အတွက် ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ ကြိုးစားရင်း ဖြစ်ချင်တဲ့ စိတ်ဆန္ဒကို ရှင်းရှင်းလင်းလင်းသိရပြီး ရည်မှန်းချက်ထား ကြိုးစားနိုင်ခဲ့တယ်။ အောင်မြင်တဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့က သူမဘဝရဲ့ ရည်မှန်းချက်ဆိုတာ သိလာခဲ့တယ်။

ဒီလိုပြောလို့ ဘဝရည်မှန်းချက်မရှိရဘူး။ Passion မရှိရဘူးလို့ မထင်လိုက်ပါနဲ့။ အရင်ကြိုးစားလုပ်ဆောင်မကြည့်ဘဲ ဖြစ်ချင်တဲ့ ရည်မှန်းချက်ဆန္ဒတွေကို အရင်ရှာနေရင် လွယ်လွယ်ကူကူမတွေ့နိုင်ဘဲ အောင်မြင်မှုလမ်းကြောင်းမှာ သူများတွေထက် နောက်ကောက်ကျနေနိုင်တယ်လို့ ပြောတာပါ။ ဒါကြောင့် ဘဝမှာ ကြိုးစားမကြည့်ဖူးဘဲ ရည်မှန်းချက်ဆန္ဒကို အရင်ရှာဖွေနေတာကို ရပ်လိုက်ပါ။ ပြီးတော့ ကြိုးစားနိုင်သလောက်ကြိုးစားပြီး ခြေလှမ်းသစ်တွေ စတင်ပါ။ ကြိုးစားရင်းအရှိန်ရလာတဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ ဘဝရည်မှန်းချက်ကို အလိုလို သိလာပါလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။