သင် ဘယ်လိုလူမျိုးရဲ့ လက်အောက်မှာ အလုပ်လုပ်နေရတာလဲ

blank
၁။ အလုပ်လုပ်လွန်းအထက်လူကြီး (The Workaholic)
 
အလုပ်နဲ့ ဘဝမျှတအောင်လုပ်တယ်ဆိုတာကို မသိတဲ့အထက်လူကြီးမျိုးပေါ့။ ကိုယ်တိုင်လည်း မနားမနေအလုပ်လုပ်တယ်။ ဒီလို ဘော့စ်မျိုးကိုပိုင်ဆိုင်ထားရင်တော့ အလုပ်ကြိုးစားဖို့သာ ခေါင်းထဲထည့်ထားတော့။
 
၂။ ရှေးရိုးဆန်တဲ့အထက်လူကြီး (The Traditionalist)
 
အလုပ်တစ်ခုကို နှစ်ပေါင်းများစွာကြာအောင် ဦးဆောင်လာခဲ့တဲ့ အထက်လူကြီးတွေပေါ့။ အမြဲတမ်း လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်တယ်။ ပိုကောင်းတဲ့နည်းလမ်းသစ်တွေပြောပြရင်လည်း လက်ခံချင်မှ လက်ခံတတ်တယ်။ ဒီတော့ သူ့အတွက် အကြံကောင်းပေးချင်ရင် ရှေးထုံးကို မပယ်ဖို့လည်း လိုပါတယ်။
 
၃။ အာဏာရှင်ဆန်တဲ့အထက်လူကြီး (The Power Hungry)
 
သူ့အတွက်ကတော့ အာဏာဟာ အရာရာပါပဲ။ အထက်လူကြီးဆိုတဲ့ ရာထူးဟာ အလုပ်အတွင်းမှာ ဘာမဆိုလုပ်လို့ရတယ်လို့ ခံယူထားတယ်။ ဒီလိုသူဋ္ဌေးရဲ့ လက်အောက်မှာ ဆိုရင်တော့ သူခိုင်းတဲ့အတိုင်းလည်းလုပ်၊ ကိုယ်လုပ်သင့်တယ်ထင်တာလည်း လုပ်ပါ။
 
၎။ အမြဲဆူပူနေတတ်တဲ့အထက်လူကြီး (The Yeller)
 
ဘာလုပ်လုပ်ဆူ၊ အမြဲတမ်းဆူ၊ မှားလည်းဆူ၊ မှန်လည်းဆူတဲ့ ရေနွေးအိုးလိုအထက်လူကြီးပါ။ ဒီလိုဆူပူတတ်တဲ့အထက်လူကြီးအတွက်ကတော့ သူဘယ်လောက်ဆူဆူ စိတ်ထဲမထားဘဲ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပါ။
 
၅။ ကြောက်စရာကောင်းတဲ့အထက်လူကြီး (The Scary)
 
ဒီလိုသူဋ္ဌေးက ဆူပူတတ်တဲ့အထက်လူကြီးထက် ပိုပြီးဆိုးတယ်။ အမြဲတမ်း ခြိမ်းခြောက်နေတာ၊ နားလည်မှုမပေးတာ၊ မျှမျှတတတွေးမပေးတာတွေပေါ့။ အကောင်းဆုံးကတော့ သူ့လက်အောက်ကနေထွက်ပြီး အလုပ်သစ်ရှာတာပါပဲ။
 
၆။ အပြစ်ရှာတတ်တဲ့အထက်လူကြီး (The Nitpicker)
 
အသေးစိတ်ကအစ လိုက်အပြစ်ရှာပြီး ထောက်ပြတတ်တဲ့အထက်လူကြီးမျိုးပေါ့။ ဒီလိုအထက်လူကြီးလက်အောက်မှာ လုပ်ရင် သူဘယ်လောက်အပြစ်ရှာရှာ၊ ကိုယ့်ဘက်က မှန်နေအောင် လုပ်ထားသင့်ပါတယ်။ ပြီးတော့ ကိုယ်မဟုတ်ရင် မဟုတ်တဲ့အကြောင်းကိုလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြတတ်ဖို့လိုပါတယ်။
 
၇။ နေရာတကာဝင်ပါတတ်တဲ့ အထက်လူကြီး (The Micromanager)
 
အပြစ်ထောက်ပြတာထက်ဆိုးတယ်၊ ဘာလုပ်လုပ် “ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား” ဆိုပြီး ဝင်ပါတာ။ ကိုယ်တိုင်ကျတော့လည်း မလုပ်ဘူး။ ဒီလိုအထက်လူကြီးကြောင့် သင့်စိတ်ကူးတွေ၊ စိတ်ဓာတ်တက်ကြွမှုတွေ အပျက်စီးမခံလိုက်ပါနဲ့။ ကိုယ့်ဖာကိုယ်သာ အကောင်းဆုံးကြိုးစားပါ။
 
၈။ သူငယ်ချင်းပေါင်းပေါင်းတတ်တဲ့ အထက်လူကြီး (The Buddy)
 
လက်အောက်ငယ်သားတွေကို ခင်မင်ရင်းနှီးစွာပေါင်းသင်းပြီး ဆက်ဆံတတ်တဲ့ အထက်လူကြီးပေါ့။ ဒီလို အထက်လူကြီးရထားတာက ကံကောင်းပါတယ်။ ဒါပေမဲ့ သူနဲ့သူငယ်ချင်းလိုခင်ရာမှာ professional ဆန်ဆန် ခင်ဖို့လိုပါတယ်။
 
၉။ ပေါ့ပေါ့နေတတ်တဲ့အထက်လူကြီး (The Pushover)
 
အထက်လူကြီးက ပေါ့ပျက်ပျက်နေတတ်လို့ ကိုယ်လည်း ပေါ့ပျက်ပျက်မနေသင့်ပါဘူး။ သူ့ဘာသူ အလုပ်ကို နောက်ကျပါစေ၊ အစောကြီး ရုံးဆင်းပါစေ၊ ကိုယ်က ကိုယ့်အလုပ်ကို အကောင်းဆုံးကြိုးစားပြီး လုပ်ပါ။
 
၁ဝ။ ခပ်ပိန်းပိန်းအထက်လူကြီး (The Idiot)
 
သိသလို၊ တတ်သလိုလုပ်နေပေမဲ့ တကယ်က ဘာမှမသိတဲ့ အထက်လူကြီးပုံစံပေါ့။ အထက်ဖားအောက်ဖိ အကျင့်စရိုက်ရှိတယ်။ ကိုယ်သာ ကောင်းကောင်းကြိုးစားနိုင်ရင် တစ်ချိန်ချိန်မှာ သူ့နေရာကိုတောင် ရနိုင်ပါတယ်။
 
၁၁။ အရည်အသွေးနိမ့်တဲ့ အထက်လူကြီး (The Underqualified)
 
ဒီလိုအထက်လူကြီးဆိုတာ သင့်လောက် ပညာမတတ်တဲ့သူ၊ သင့်လောက် ဒီအလုပ်အကြောင်းမသိတဲ့သူ၊ သင့်လောက်ဒီလုပ်ငန်းနယ်ပယ်နဲ့ မရင်းနှီးတဲ့အထက်လူကြီးမျိုးပေါ့။ ဒီလိုဖြစ်လို့ သူက အထက်လူကြီးကောင်းတစ်ယောက်မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ သူ့အတွက် ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ပေးသင့်တာက သူ့ကို ကူညီပြီး ရှင်းပြပေးဖို့၊ ပြောပြပေးဖို့ပါပဲ။
 
၁၂။ ထူးဆန်းတဲ့ အထက်လူကြီး (The Eccentric)
 
အမြဲတမ်း ထိပ်ဆုံးမှာရှိနေတဲ့ အထက်လူကြီးပေါ့။ သူ့ဆီမှာ အိုင်ဒီယာအသစ်တွေ၊ နည်းလမ်းအသစ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ သူ့ရဲ့ အတွေးအခေါ်တွေ၊ နည်းလမ်းတွေက ခွကျကျ ဖြစ်နေတတ်တယ်။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးကြိုးစားလုပ်ရင်တော့ သူ့လက်အောက်မှာ အောင်မြင်နိုင်ပါတယ်။
 
၁၃။ ဖာသိဖာသာနေတတ်တဲ့ အထက်လူကြီး (The MIA)
 
အိမ်ကနေ အလုပ်လုပ်တတ်တဲ့သူ၊ အစည်းအဝေးတွေမှာ သိပ်မပါတတ်တဲ့သူ၊ ရုံးမှာဆိုလည်း ကိုယ့်ရုံးခန်းထဲမှာပဲ တံခါးပိတ်ပြီး နေနေတတ်တဲ့ အထက်လူကြီးကို ဆိုလိုတာပါ။ ဒီလိုလူကြီးရဲ့ အောက်မှာနေရတာ တချို့ဝန်ထမ်းတွေအတွက် အနေချောင်၊ အစားချောင်ပေမဲ့ တိုးတက်ချင်တဲ့သူအတွက်ကတော့ အဆင်မပြေပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်တာဝန်ကိုယ်ကျေပြီး အကောင်းဆုံးကြိုးစားပါ။
 
၁၄။ မြုံစိစိနေတတ်တဲ့ အထက်လူကြီး (The Introvert)
 
အလုပ်တာဝန်တစ်ခုခုရှိပြီဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာ ကြိုးစားလုပ်ကိုင်တတ်သူမျိုးပါ။ အလုပ်ကြိုးစားလွန်းတာကြောင့် လူကြီးနေရာရလာပေမဲ့ ဝန်ထမ်းတွေအပေါ်မှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိုင်သေးပါဘူး။ တစ်ယောက်တည်းတော်၊ တစ်ယောက်တည်းကောင်းဖို့ပဲ ကြိုးစားတတ်ပါတယ်။ ဒီလိုလူကြီးရဲ့ အောက်မှာနေရင် သူ့ဆီက ပညာရအောင်ယူပါ၊ ဒါပေမဲ့ သူ့လိုမဟုတ်ဘဲ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားပါ။
 
၁၅။ အကောင်းဆုံးအထက်လူကြီး (The Great Boss)
 
စံပြလူကြီးပေါ့။ မျှမျှတတဆက်ဆံတယ်၊ ငယ်သားတွေရဲ့ အကြံဉာဏ်တွေကို လက်ခံနားထောင်တယ်၊ ပြီးတော့ စိတ်အားတက်ကြွစေတယ်။ ဝန်ထမ်းတွေအားလုံးကို စည်းလုံးစွာ အလုပ်ကြိုးစားစေပြီး ကိုယ်မှားနေရင်လည်း ထောက်ပြခွင့်ပေးတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်၊ တစ်ရုံးလုံး တစ်ဖွဲ့လုံး တိုးတက်ဖို့ ပိုပြီး အာရုံစိုက်တယ်။ ဒီလို အထက်လူကြီးရဲ့အောက်မှာ အလုပ်လုပ်ရတာက တကယ်ကို ကံကောင်းတာပါပဲ။
 
ဘယ်လို အထက်လူကြီးရဲ့ အောက်မှာ လုပ်ရပါစေ၊ ကိုယ်ပိုင်တိုးတက်အောင်မြင်အောင် ကြိုးစားနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေရှိပါတယ်။ လူတိုင်းဆီကနေ သင်ယူလေ့လာနိုင်တယ်။ ကိုယ့်ရဲ့ အထက်လူကြီးဆီက ကိုယ်မကြိုက်တဲ့အချက်၊ ကိုယ်ကြိုက်တဲ့အချက်တွေကို ရေးမှတ်ပါ။ ပြီးရင် အတုယူစရာရှိတာယူ၊ သင်ခန်းစာယူပြီး ရှောင်စရာရှိတာရှောင်ပါ။ ဒါဆိုရင် တစ်နေ့နေ့မှာ သင်လည်း အကောင်းဆုံးအထက်လူကြီးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
 
သင်ရော ဘယ်လို အထက်လူကြီးမျိုးကို ပိုင်ဆိုင်ထားသလဲ။ Comment မှာ မျှဝေခဲ့ပါဦးနော်။