ဉာဏ်ရည်မြင့်လွန်းသူတွေမှာ တွေ့ရတတ်တဲ့ အားနည်းချက်လေးများ

blank

        လူတိုင်းက ဉာဏ်ကောင်းချင်ကြတယ်၊ ဉာဏ်ရည်မြင့်ချင်ကြတယ်။ ဒါပေမဲ့ ဉာဏ်ရည်မြင့်တိုင်းလည်း ဘဝကြီးက လုံးဝကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။ လောကကြီးက ဘယ်သူ့ကိုမှ လုံးဝပြီးပြည့်စုံခွင့်မပေးသလိုပေါ့။ ဉာဏ်ကောင်းတဲ့သူတွေမှာလည်း ဉာဏ်ကောင်းတဲ့အလျှောက် အားနည်းချက်လေးတွေ၊ အပြစ်အနာအဆာလေးတွေ ရှိတတ်ပါတယ်။

၁။ အတွင်းစိတ်မှာ မလုံခြုံမှုလေးတွေ ရှိနေခြင်း။

အများအမြင်မှာ ဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့သူလို့ အထင်ခံရတဲ့အတွက် အဲဒီအဆင့်အတန်းကို ကျမသွားအောင် အမြဲတမ်း သက်သေပြနေဖို့လိုတယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် ဘယ်အလုပ်ကိုပဲလုပ်လုပ် စိတ်အေးလက်အေး လုပ်ရတယ်လို့မရှိပဲ ပိုကောင်းအောင်လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ စိတ်မလုံခြုံသလို ခံစားနေရတတ်ပါတယ်။ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပိုင်းမှာလည်း အားနည်းနေတတ်ပါတယ်။

၂။ စိတ်မရှည်ခြင်း။

ပြဿနာတွေကို အလွယ်တကူဖြေရှင်းပြီး အလုပ်တာဝန်တွေကို မြန်မြန်အပြီးသတ်နိုင်တာကြောင့် နိစ္စဓူဝအလုပ်တွေကို လုပ်ရမှာ ပျင်းတတ်ကြပါတယ်။ ဉာဏ်ရည်မြင့်တာကြောင့် ကိစ္စတစ်ခုခုကိုဆိုရင် နားလည်လွယ်တယ်။ ကိုယ်နားလည်ပြီးသားကိစ္စတစ်ခုကို သူများတွေကို ပြန်ရှင်းပြရာမှာလည်း တစ်ဖက်လူက နားလည်မလွယ်လို့ ထပ်ကာထပ်ကာပြန်ရှင်းပြနေရရင် စိတ်မရှည်ဘဲ စိတ်တိုလွယ်တတ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ စိတ်ခံစားမှုတွေကို ဖော်ပြရာမှာ အခက်တွေ့ခြင်း။

အမြဲတမ်းဦးနှောက်ကိုသုံးပြီးပဲ အလုပ်လုပ်တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေ ဘယ်လိုရှိနေလဲဆိုတာ သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။ ထူးထူးဆန်းဆန်း စိတ်ခံစားမှုတစ်ခုခုဖြစ်လာတာနဲ့ သူတို့ နေမထိထိုင်မသာ ဖြစ်တတ်ကြတယ်။ အဲဒီခံစားချက်ကို ထုတ်ပြောဖို့၊ ဝေမျှဖို့အတွက်လည်း ရှက်ရွံ့သလိုလို၊ ပြောရခက်သလိုလိုဖြစ်တတ်ကြပါတယ်။

၎။ သူတစ်ပါးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တတ်ခြင်း။

ဉာဏ်ရည်မြင့်သူအများစုက သူတို့ကိုယ်သူတို့ ပြည့်စုံအောင်ကြိုးစားကြတယ်။ တစ်ယောက်ယောက်က မှားနေပြီ၊ တလွဲတွေလုပ်နေပြီ၊ လမ်းချော်နေပြီလို့ထင်ရင် လျစ်လျူမရှုနိုင်ကြဘူး။ ဝင်ပြောပြပြီး အမှန်ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း လူတွေက သူတို့ကို “ဆရာကြီးလုပ်လွန်းတယ်၊ နေရာတကာ ပါလွန်းတယ်” လို့ ပြောကြတာပေါ့။

၅။ အရာရာကို လေ့လာဆန်းစစ်လွန်းခြင်း။

ဉာဏ်ကောင်းလွန်းတာကြောင့် ပြဿနာတစ်ခုခု၊ ကိစ္စတစ်ခုခုကြုံရရင် သူများတွေထက်ပိုပြီးတော့ အသေးစိတ်ကျကျ ဆန်းစစ်လေ့လာတတ်တယ်။ အဲဒီအကျင့်က ကောင်းပေမဲ့ အမြဲတမ်း လေးလေးနက်နက်တွေးလွန်းတာကြောင့် ဘဝရဲ့ ပေါ့ပါးပျော်ရွှင်မှုတွေ ပျောက်ဆုံးတော့မတတ် ဖြစ်နေတတ်ပါတယ်။

တကယ်လို့ သင်ဟာ ဉာဏ်ရည်မြင့်သူတစ်ယောက်ဆိုရင် သင့်ဉာဏ်ရည်ကို အသုံးချပြီး ပိုကောင်းအောင် ကြိုးစားပါ။ အထက်မှာ ဖော်ပြထားတဲ့ အားနည်းချက်တွေကို မြင်အောင်ကြည့်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပါ။ ပိုမိုပျော်ရွှင်ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။