ငှားလိုက်တဲ့စာအုပ်လေးတွေကို အောင်အောင်မြင်မြင်ပြန်ရစေမယ့် နည်းဗျူဟာကောင်းလေးများ

blank

စာဖတ်ရတာမြတ်နိုးလား။ စာအုပ်လေးတွေကို ချစ်လား။

သင့်ဝင်ငွေရဲ့အစိတ်အပိုင်းတစ်ခုဟာ သင့်စာအုပ်စင်ပေါ်က စာအုပ်လေးတွေအဖြစ် ပြောင်းလဲနေရာယူနေလား။ ဒီလိုဆိုရင်တော့ သင်ဟာ စာချစ်သူတစ်ယောက်ဖြစ်ပြီး သင်ဖတ်ဖူးသမျှတွေကို ပြန်မျှဝေတတ်သူဆိုတာလည်း သေချာနေပါပြီ။ ဒါဆိုရင်…

– သင်ငှားပေးလိုက်တဲ့စာအုပ်ကို ဘယ်တော့မှ ပြန်မပေးတော့တာ

– သင့်ဆီက ငှားလိုက်တုန်းက အကောင်းပေမဲ့ ပြန်လာပေးတော့ အဖုံးမရှိတော့တာ

– သူတို့ကြိုက်တဲ့စာသားပါတဲ့စာမျက်နှာကို ဆုတ်ဖြဲထားတာ

– ယူသွားတာကြာလို့ ပြန်တောင်းလိုက်မှ မဖတ်ရသေးဘူးဆိုပြီး ချောင်ကြိုချောင်ကြားကနေ ဖုံအလူးလူးနဲ့ ဆွဲထုတ်လာတာ

– စာမျက်နှာတွေကို ကိုယ်ပိုင်စာအုပ်လို ခေါက်ရာမျိုးစုံနဲ့ မှတ်ထားတာ
ဆိုတဲ့ ဒုက္ခလေးတွေကိုပါ နောက်ဆက်တွဲသေချာပေါက်ကြုံဖူးမှာပါ။ ဒီလိုဒုက္ခတွေကို ကာကွယ်ဖို့ နည်းလမ်းလေးတစ်ချို့ကို ဂန္ထဝင်က မျှဝေပေးပါရစေနော်။

– ငှားတဲ့အခါ ရက်စွဲနဲ့တကွ သင့်ဘာသာ စာရင်းမှတ်ထားပါ။

– သင့်စာအုပ်တိုင်းကို အဖုံးခိုင်ခိုင်ခံ့ခံ့ချုပ်ထားပါ။

– မငှားခင်ကတည်းက စာမျက်နှာပြည့်ပြည့်စုံစုံရှိကြောင်း သူတို့သိအောင် သွယ်ဝိုက်ပြောပါ။

– စာအုပ်ဖတ်ပြီးလောက်ချိန်အထိ ဘာသံမှမကြားရသေးရင် “အဲ့ဒီစာအုပ်လေးဖတ်ပြီးပြီလား။ ကြိုက်ရဲ့လား” ဆိုပြီး စကားစကြည့်ပါ။

– စာအုပ်ငှားကတည်းက စာမျက်နှာမှတ်ဖို့ bookmark လေးထည့်ပေးပါ။ (ပျောက်မှာစိုးရင် bookmark ဈေးနှုန်းလေးကိုပါ တံဆိပ်ကပ်ထည့်ပေးလိုက်ပါ)

ကဲ… ဒီလိုဆိုရင်တော့ သင်လည်း စာအုပ်လေးတွေကို မျှဝေရလို့ စိတ်ချမ်းသာသလို၊ ငှားဖတ် သူစည်းကမ်းမရှိလို့ မိတ်ပျက်စရာလည်းမလို၊ စာအုပ်လေးတွေလည်း စာအုပ်စင်ပေါ် သိမ်းဆည်းခံ ဘဝကနေ နေရာအနှံ့ လွတ်လွတ်လပ်လပ် ခြေဆန့်နိုင်ပြီပေါ့နော်။

သင်ကြုံဖူးတဲ့အတွေ့အကြုံနဲ့ သင့်ကိုယ်ပိုင်ဖြေရှင်းနည်းလေးတွေရှိရင်လည်း comment မှာ မျှဝေခဲ့ပါဦးနော်။