ပြီးပြည့်စုံတာက အချစ်လား။ အချစ်က ပြီးပြည့်စုံမှုကို ဖြစ်ပေါ်စေတာလား။

blank

          သိပ်ချစ်ကြတဲ့စုံတွဲလေးတစ်တွဲဟာ အခမ်းနားဆုံးလက်ထပ်ခဲ့ကြတယ်။ သူတို့ကိုချစ်တဲ့ သူ ငယ်ချင်းတွေ၊ မိသားစုတွေဟာ သူတို့ရဲ့မင်္ဂလာအခမ်းအနားကို အားကျပျော်ရွှင်စွာနဲ့တက်ရောက် ချီး မြှင့်ခဲ့ကြတယ်။

လက်ထပ်ပြီး လအနည်းငယ်အကြာမှာတော့ ဇနီးဖြစ်သူ ခင်ပွန်းသည်ကို စကားစပါတယ်။

“ မောင်ရေ… ကျွန်မစာစောင်တစ်ခုဖတ်လိုက်ရတယ်။ အိမ်ထောင်တစ်ခုကို ပိုခိုင်မြဲစေမယ့် နည်းလမ်းလေးတစ်ခုပေါ့။ အဲ့ဒါက ဘာလဲဆိုရင် ကျွန်မကော မောင်ပါ စာအုပ်တစ်အုပ်စီထဲမှာ တစ် ယောက်နဲ့တစ်ယောက် စိတ်ဆိုးစရာကိစ္စတွေကို တွေးပြီး အားလုံးချရေးကြရမယ်။ ပြီးတော့ အဲ့ဒီ ချရေးထားတဲ့အချက်တွေကို ကောင်းအောင်ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ ဆွေးနွေးကြရမယ်။ ဒါဆို ကျွန်မတို့ကြားမှာ မကြိုက်တဲ့အချက်တွေမရှိတော့ဘဲ ပိုပျော်စရာဖြစ်သွားမှာတဲ့။ ကျွန်မတို့လည်း စမ်း ကြည့်ရအောင်လေ”

ဇနီးသည်က စိတ်အားထက်သန်နေတာကြောင့် ခင်ပွန်းသည်ကလည်း သဘောတူလိုက်ပါ တယ်။ ဒါနဲ့ တစ်ရက်မှာ နှစ်ယောက်သားတစ်ခန်းစီခွဲနေလိုက်ပြီး စာအုပ်တစ်အုပ်စီကိုင်လို့ တစ် ယောက်အပေါ်တစ်ယောက်မကြိုက်တဲ့အချက်တွေကို စဉ်းစားချရေးကြတယ်။ နောက်တစ်နေ့မနက် နံနက်စာစားရင်းနဲ့ထမင်းဝိုင်းမှာ ဇနီးသည်က အရင်ပြောတယ်။

“ ကျွန်မစာရင်းလေး မောင့်ကိုအရင်ဖတ်ပြမယ်” တဲ့။
ဇနီးသည်ရဲ့စာရင်းပြုစုထားတာက စာရွက်နဲ့ ၃မျက်နှာအပြည့်ရှိပါတယ်။ အဲ့ဒီထဲက အချက် တွေကို စဖတ်လိုက်ချိန်မှာပဲ ခင်ပွန်းသည်ရဲ့မျက်လုံးထဲက မျက်ရည်တွေကျလာတာကို ဇနီးသည်တွေ့ လိုက်ရတယ်။

“ ကျွန်မ တစ်ခုခုမှားသွားလို့လား” လို့ သူမက မေးလိုက်တယ်။

“ မမှားပါဘူး” လို့ ခင်ပွန်းသည်က ပြန်ဖြေတယ်။

“ မင်းရဲ့စာရင်းကိုသာ ဆက်ဖတ်ပါ”

ဇနီးသည်က စာမျက်နှာအကုန်လုံးပြီးဆုံးတဲ့အထိ ခင်ပွန်းသည်ကို ဆက်ဖတ်ပြလိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြီးတာနဲ့ “ ကဲ… ရှင်ဖတ်ရမယ့်အလှည့်ရောက်ပြီ။ ပြီးရင် နှစ်ဖက်စလုံးရဲ့အပြန်အလှန်စာရင်း တွေ အကြောင်းကို ပြောကြတာပေါ့” လို့ ဇနီးဖြစ်သူက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။

ခင်ပွန်းသည်က သက်ပြင်းတစ်ရှိုက်နဲ့ပြုံးလိုက်ရင်း အောက်ပါအတိုင်းပြောလိုက်ပါတယ်။

“ အမှန်အတိုင်းပြောရရင် ကိုယ့်မှာ ဘာစာရင်းမှ မရှိပါဘူး။ ကိုယ့်အတွက်တော့ မင်းဆီက ပြောင်းလဲစေချင်တဲ့အရာလည်း မရှိပါဘူး။ မင်းဖြစ်နေရုံနဲ့တင် ကိုယ့်အတွက် လုံလောက်နေပါပြီ။ ဒါ ကြောင့် မင်းဆီက မကြိုက်တဲ့အချက်တွေ၊ ပြောင်းလဲစေချင်တဲ့အချက်တွေ ကိုယ့်မှာလုံးဝမရှိပါဘူး။ လောကကြီးမှာ ပြီးပြည့်စုံတဲ့လူမရှိပါဘူး။ ဒါပေမဲ့ မင်းကိုအရှိအတိုင်းလက်ခံနိုင်တဲ့ကိုယ့်အတွက်တော့ မင်းဟာ ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံးလူတစ်ယောက်ပါပဲ”

ခင်ပွန်းသည်ရဲ့စကားအဆုံးမှာ ဇနီးသည်ဟာ တစ်ခဏလောက် ဆွံ့အသွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်တော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး သင့်စိတ်ထဲတွေးမိတာလေးတစ်ခုခုရှိရင် comment box မှာ မျှဝေခဲ့ပါဦး နော်။