မေတ္တာလက်ဆောင်လေးတွေကို မြင်တတ်ဖို့ နှလုံးသားတံခါးလေးတွေဖွင့်ထားရအောင်

blank

ဒီနေ့ ကျွန်မရဲ့ ငါးနှစ်အရွယ်သမီးကို ကျွန်မဒေါသတကြီးအော်လိုက်မိတယ်။ ကျွန်မအလုပ်ကနေ ပင်ပင်ပန်းပန်းပြန်လာတော့ အိမ်မှာဝယ်ထားတဲ့ ရွှေရောင်ပါကင်စက္ကူတွေကိုသုံးပြီး ဘူးတစ်ဘူးကို ပါကင်ထုတ်နေတယ်လေ။ အဲဒီရွှေရောင် စက္ကူတွေက ဈေးကြီးတာဆိုတော့ ဆော့ရကောင်းလားဆိုပြီး ကျွန်မလည်း စိတ်တိုတိုနဲ့ တော်တော်လေးဆူပစ်လိုက်တယ်။ သမီးကတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ ညစာအစောကြီးစားပြီး အိပ်ယာဝင်သွားတယ်။ ကျွန်မချော့ဖို့စိတ်ကူးလိုက်ပေမဲ့ သိပ်ပင်ပန်းနေတာကြောင့် စိတ်ကမကြည်တော့ဘူး။ ဒါ့ကြောင့် ကျွန်မလည်း အိမ်သန့်ရှင်းရေးလုပ်ပြီး အိပ်ယာဝင်ခဲ့လိုက်တော့တာပါပေါ့။

မနက်ရောက်တဲ့အခါ ကျွန်မမနက်စာပြင်ပြီးသွားလို့ သမီးကိုသွားနှိုးတော့ သမီးက သူမထုပ်ထားတဲ့ ပါကင်ထုပ်လေးကို  “ရော့.. မေမေ့အတွက်” လို့ပြောပြီး ကျွန်မလက်ထဲထည့်ပေးတယ်။ ကျွန်မ မနေ့ညက သမီးကိုအော်ခဲ့မိတဲ့အတွက် အရမ်းသနားသွားတယ်။ ကျွန်မအတွက် လက်ဆောင်လေးကို ထုပ်ပေးတာကို ကျွန်မကမသိဘဲဆူခဲ့မိတဲ့အတွက် သမီးကိုအားနာသွားမိတယ်။ အဲဒါနဲ့ပဲ

“ကျေးဇူးပဲနော်။ ဘာလေးထည့်ထားတာလဲ” လို့ပြောပြောဆိုဆိုနဲ့ လက်ဆောင်ထုပ်လေးကို ဖွင့်ကြည့်မိတယ်။ စက္ကူဘူးထဲမှာတော့ ချိုချဉ်လေးတစ်လုံးတောင် ထွက်မလာတော့ ကျွန်မဒေါသတွေအလိပ်လိုက်ထွက်လာပြန်တယ်။ တော်တော်နောက်တဲ့ကလေး။

“ ကြည့်စမ်း မေမေကတော့ မေမေ့သမီးလေး လိမ်မာတယ်လို့ထင်နေတယ်။ ဘာမှမပါတဲ့ အထုပ်ကို သူများကိုပေးရင် ရိုင်းတယ်ဆိုတာ သမီးမသိဘူးလား။ နောက်တစ်ခါဆို အဲဒီလိုမလုပ်ရဘူးနော်”

ကျွန်မစိတ်ကို အတည်ငြိမ်ဆုံးထားပြီး သမီးကို ရှင်းပြမိတယ်။ လေသံကတော့မာနေတာပေါ့။ သမီးက ကျွန်မရဲ့စကားကိုကြားပြီး ဝမ်းနည်းတဲ့အသံလေးနဲ့

“သမီးလည်း အလွတ်ကြီးပေးတာ မဟုတ်ပါဘူးမေမေ။ မေမေ့ကို သိပ်ချစ်တယ်လို့ပြောပြီး အဲဒီထဲမှာ အနမ်းတစ်ခုကို သမီးထည့်ထားတာပါ”  လို့ပြောတယ်။

ကျွန်မလေ သမီးလေးရဲ့ စကားကိုကြားပြီးဆွံ့အသွားမိတယ်။  ကျွန်မရဲ့ မျက်လုံးတွေမှာလည်း မျက်ရည်တွေရစ်ဝိုင်းလာပြီး သမီးရဲ့မျက်နှာနုနုလေးကို နေရာမလပ်အနမ်းလေးတွေ ခြွေမိတော့တယ်။ “မေမေ့ကိုခွင့်လွတ်ပါသမီးရယ်။ မေမေကရုတ်တရက်ဆိုတော့ သမီးထည့်ထားတဲ့ အနမ်းတွေကို မမြင်လို့ပါ” လို့တောင်းပန်မိတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သမီးကတော့ ကျွန်မကိုဘယ်တုန်းကမှ စိတ်မဆိုးခဲ့တဲ့ မျက်နှာနဲ့ ကျွန်မမျက်နှာကို ကြည့်နေတယ်။ ကျွန်မသူ့ကိုဖက်ထားလို့ ပျော်နေပုံလည်းရပါတယ်။ သမီးပေးခဲ့တဲ့မေတ္တာလက်ဆောင်လေးက ကျွန်မရဲ့နှလုံးသားတံခါးကို ဖွင့်ပေးခဲ့ပြီလေ။

ကျွန်မအိပ်ယာဘေးမှာ သမီးပေးထားတဲ့ ဘူးလေးကိုတင်ထားမိတယ်။ ကျွန်မစိတ်တွေသိပ်ရှုပ်တိုင်း သမီးလေးထည့်ထားတဲ့ အချစ်တွေကို ခံစားကြည့်ပြီး စိတ်တွေကြည်လင်နွေးထွေးလာမြဲ ။ တစ်ခါတလေမှာ နှလုံးသားဆိုတဲ့ ရွှေရောင်အိုးကြီးထဲကို ကျွန်မတို့ရဲ့  မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေက ချစ်ခြင်းမေတ္တာဆိုတဲ့ရေစင်လေးတွေ ထည့်ပေးသွားတတ်ပါတယ်။ ကျွန်မတို့ကတော့ ဘဝရဲ့လှည့်ဖျားမှုတွေမှာ နစ်မွန်းပြီး ချစ်ခြင်းမေတ္တာကို ရိုးရှင်းစွာခံစားဖို့မေ့နေတတ်ပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝမှာ မိမိပတ်ဝန်းကျင်က တိုက်ကျွေးတဲ့ မေတ္တာရေစဉ်လေးကို သောက်သုံးရင်း ပတ်ဝန်းကျင်အတွက် အေးမြတဲ့မေတ္တာရေချမ်းလေးတွေ ကမ်းရင်း သာယာအေးချမ်းတဲ့ လူမှုအသိုင်းအဝိုင်းကြီးကို တည်ဆောက်လိုက်ကြရအောင်လားရှင်။

ချစ်ခြင်းမေတ္တာလေးတွေကို ကူးစက်စေဖို့အတွက် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါနော်။