ကိုယ့်ကိုယ်ကို ဦးစားပေးပြီး ပျော်ရွှင်အောင်နေမှ သာယာတဲ့မိသားစုကို တည်ဆောက်နိုင်မှာပါ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…

အိမ်ရှင်မ အများစုဟာ အိမ်ထောင်ကျပြီးသွားပြီဆိုတာနဲ့  သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ၊ အလုပ်အကိုင်ရာထူးတွေ၊ ဆန္ဒတွေ၊ ဝါသနာတွေအားလုံးကို စွန့်လွတ်ပစ်ပြီး အိမ်ထောင်ရေးတစ်ခုတည်းအပေါ်မှာ မြှပ်နှံလိုက်ကြပါတယ်။ တကယ်တော့ နှစ်ဦးနှစ်ဖက်ချစ်ခင်စုံမက်ကြလို့ နှစ်ယောက်အတူတည်ဆောက်ထားတဲ့ ဘဝတစ်ခုမှာ ခင်ပွန်းကို အစစအရာရာဦးစားပေးပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို စတေးပစ်ဖို့မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာအောင်နေ၊ ခင်ပွန်းကိုလည်း ဦးစားပေးနိုင်အောင် “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ” အခြေအနေဖြစ်အောင် ဖန်တီးယူတတ်ဖို့ဆိုတာ အိမ်ရှင်မတွေအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အိမ်ထောင်သည်အမျိုးသမီးတွေက အိမ်ရှင်မတာဝန်ကို ကျေပွန်ချင်တာကြောင့် လက်ရှိလုပ်နေတဲ့အလုပ်ကနေ ထွက်လိုက်ပြီး အိမ်အလုပ်တွေထဲမှာပဲ မြှုပ်နှံထားတတ်ကြပါတယ်။ အလုပ်ထွက်လိုက်တာနဲ့ ကိုယ်ပိုင်ဝင်ငွေ ဆုံးရှုံးရမယ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေးသွားမယ်၊ အိမ်မှာပဲ ခြေချုပ်မိနေနိုင်တယ်… ဒါတွေကိုပါ ထည့်စဉ်းစားသင့်ပါတယ်။ ဒီအခြေအနေမှာ လက်တွဲဖော်နဲ့ တိုင်ပင်ညှိနှိုင်းဖို့လည်း လိုပါတယ်။ စီးပွားရေးကို အတူတူရှာပြီး အိမ်အလုပ်တွေကိုလည်း အတူတူမျှဝေလုပ်ကိုင်ဖို့ အရင် ညှိနှိုင်းပါ။ လုပ်ငန်းခွင်မှာ အောင်မြင်ပြီး စိတ်ချမ်းသာနေတဲ့ အိမ်ရှင်မတစ်ဦးဟာ မိသားစုကိုလည်း အကောင်းဆုံးစောင့်ရှောက်ပေးနိုင်မယ်မဟုတ်လား ပရိသတ်ကြီးရေ…။

ကလေးတစ်ယောက်မွေးပြီးတာနဲ့ ခန္ဓာကိုယ်ကို ပုံမှန်ပြန်ဖြစ်အောင် အချိန်ယူရတာကြောင့် ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ၂နှစ်၊ ၃နှစ်လောက်တော့ ခြားသင့်တယ်ဆိုတာကိုလည်း အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ သတိထားသင့်ပါတယ်။ ကလေးအတွက် ကျွေးမွေးစောင့်ရှောက်မှုတွေနဲ့ ပညာရေးထောက်ပံ့မှုတွေကိုလည်း ထည့်စဉ်းစားရဦးမှာပါ။ ဒါကြောင့် ဘယ်အချိန်မှာ ကလေးယူမယ်၊ ဘယ်နှယောက်ယူမယ် စသည်ဖြင့် family plan ကိုသေချာဆွဲဖို့လိုပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ…

Happy wife ဖြစ်ဖို့ဆိုတာ ခင်ပွန်းသည်က စိတ်ချမ်းသာအောင် ထားတဲ့အပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်နေမှ၊ ကိုယ့်စိတ်ကူးတွေ၊ ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုပြီး ဖြည့်ဆည်းမှ စိတ်ပျော်ရွှင်ရမှာပါ။