blank

ဂရိဘုရင်မင်းမြတ် အလက်ဇန္ဒားဟာ နိုင်ငံများစွာကို တိုက်ခိုက်အောင်မြင်ခဲ့ပြီးတဲ့နောက်မှာ ကျန်းမာရေးအခြေအနေက ဆိုးရွားလာတာကြောင့် ဘေဘီလုံမြို့တော်မှာ စံမြန်းနေခဲ့ပါတယ်။ သူ့ရဲ့ ကုသမရနိုင်တော့တဲ့ကျန်းမာရေးအခြေအနေကို သိပြီးတဲ့နောက်မှာ သူပိုင်ဆိုင်ထားသမျှ ရွှေငွေရတနာတွေ၊ ကျောက်သံပတ္တမြားတွေ၊ ထက်ရှလှတဲ့ လက်သုံးတော်ဓားနဲ့ ရဲရင့်လှတဲ့သူ့ရဲ့ စစ်တပ်ကြီးက သူ့ကိုကယ်နိုင်တဲ့ အရာတွေမဟုတ်မှန်း နားလည်သွားခဲ့ပါတယ်။

နာမကျန်းဖြစ်နေတဲ့ကြားက ဇာတိနေပြည်တော်ကိုပြန်ရောက်အောင် ခရီးနှင်ခဲ့တယ်။ ဒီလောကကြီးထဲက မစွန့်ခွာခင် မွေးသမိခင်မယ်တော်ရဲ့ မျက်နှာကို တစ်ခေါက်လောက်တော့ တွေ့ချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ပေါ့။ ဒါပေမဲ့ သူ့ရောဂါအခြေအနေက ခရီးဝေးကွာလှတဲ့ သူ့ရဲ့နန်းတော်ဆီကို မရောက်နိုင်တော့မှန်း သိခဲ့ပါတယ်။ ဒါကြောင့် လမ်းခရီးမှာတင် သူ့ရဲ့ အားထားရတဲ့ တပ်မှူးတွေကို ခေါ်ပြီး

“ငါမကြာခင် ဒီလောကကြီးကို စွန့်ခွာသွားရတော့မယ်။ ငါ့မှာ နောက်ဆုံးဆန္ဒ (၃) ခုရှိတယ်။ အဲဒီဆန္ဒ (၃) ခုကို မပျက်မကွက် ဖြည့်ဆည်းပေးပါ။” လို့ မိန့်ကြားခဲ့ပါတယ်။

တပ်မှူးတွေကလည်း ဝမ်းနည်းမျက်ရည်တွေကျပြီး ဘုရင်ကြီးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရင်ကြီးက သူ့ရဲ့ နောက်ဆုံးဆန္ဒ (၃) ခုကို မိန့်ကြားပါတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ပထမဆန္ဒက ငါ့ရဲ့ခေါင်းတလားကို ငါ့ကိုဆေးကုပေးခဲ့တဲ့ သမားတော်တွေသာ ထမ်းရမယ်။

ဒုတိယဆန္ဒက ငါ့ရဲ့ရုပ်အလောင်းကို သင်္ချိုင်းကိုသယ်သွားတဲ့အခါ လမ်းတစ်လျှောက်မှာ ငါပိုင်တဲ့ ရတနာတွေ၊ ရွှေငွေတွေကို လူအများအတွက် ဖြန့်ကြဲပေးရမယ်။ ငါပိုင်တဲ့ရတနာတွေကို ငါနဲ့အတူ ဂူသွင်းမြှုပ်နှံတာတွေ မလုပ်ပါနဲ့။

တတိယဆန္ဒက ငါ့ရဲ့ လက်နှစ်ဖက်ကို လူအများမြင်ရအောင် ခေါင်းတလားရဲ့အပြင်ကို ထုတ်ထားပါ။”

ဆန္ဒတွေကို ထုတ်ပြောပြီးတဲ့နောက်မှာ ရောဂါသည်းနေတဲ့ ဘုရင်ကြီးဟာ မောဟိုက်နွမ်းလျစွာ အသက်ကိုရှူပြီး ငြိမ်သက်နေခဲ့ပါတယ်။

တပ်မှူးတွေလည်း ဘုရင်ကြီးရဲ့ ထူးဆန်းလှတဲ့ ဆန္ဒ (၃) ခုကို နားမလည်နိုင်ဖြစ်နေခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘုရင်ကြီးရဲ့ လက်ရုံးတော်တပ်မှူးကြီးက ဘုရင်ကြီးရဲ့ လက်ကိုကိုင်ပြီး

“အရှင်မင်းကြီးဘုရား…။ အရှင့်ရဲ့ ဆန္ဒတွေအားလုံး ပြည့်မြောက်စေရပါမယ်။ ဒါပေမဲ့ အရှင်မင်းကြီး ဖြစ်နိုင်မယ်ဆိုရင် ဒီဆန္ဒတွေရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်မျိုးတို့ သိနားလည်အောင် ရှင်းပြပေးပါလားခင်ဗျာ။” လို့ လျှောက်တင်ခဲ့ပါတယ်။

ဘုရင်အလက်ဇန္ဒားက သက်ပြင်းရှည်ကြီးချလိုက်ပြီး ဆန္ဒ (၃) ခုရဲ့ အဓိပ္ပာယ်ကို ရှင်းပြခဲ့ပါတယ်။

“ငါက လောကကြီးက လူတွေကို ဒီအခြေခံသဘောတရား (၃) ချက်ကို သိစေချင်လို့ပါ။ ငါ့ရဲ့သမားတော်တွေကို ငါ့ရဲ့ခေါင်းတလားသယ်ခိုင်းတယ်ဆိုတာ “လောကမှာ ဘယ်ဆေးဆရာကမှ လူတစ်ယောက်ရဲ့ သေခြင်းတရားကို မပြောင်းလဲနိုင်ဘူး။ လူတိုင်းက တစ်နေ့နေ့မှာ သေကိုသေရမယ်” ဆိုတာကို သိစေချင်လို့ပါ။

ရွှေငွေတွေကို ကြဲချခိုင်းတဲ့ရည်ရွယ်ချက်က ငါအသက်ရှင်စဉ်တစ်လျှောက်လုံး စည်းစိမ်ချမ်းသာတွေ ပိုင်ဆိုင်ခဲ့တယ်။ စည်းစိမ်တွေကြား ယစ်မူးခဲ့တယ်။ ဒါပေမဲ့ ငါသေသွားတဲ့အခါမှာ ဘယ်ရွှေငွေကိုမှ ငါနဲ့အတူ ယူဆောင်သွားလို့မရဘူး။ ဒီတော့ စည်းစိမ်ချမ်းသာလောဘနောက်ကို လိုက်နေတာက အချိန်၊ စွမ်းအင်နဲ့ စိတ်ရဲ့ အေးချမ်းမှုကို ဖြုန်းတီးခြင်းသက်သက်ပဲဆိုတာကို သိစေချင်လို့ပါ။

ငါ့ရဲ့လက်တွေက လူတွေမြင်အောင် အခေါင်းအပြင် ထုတ်ထားခိုင်းတယ်ဆိုတာက ငါဒီလောကကြီးထဲကို ရောက်လာတုန်းက လက်ထဲမှာ ဘာမှပါမလာသလိုပဲ၊ ငါထွက်သွားတဲ့အခါမှာလည်း ငါ့လက်ထဲမှာ ဘာမှပါမသွားဘူးဆိုတာ လူတွေကိုသိစေချင်လို့ပါ။”

ဒီစကားတွေကို မိန့်ကြားပြီးနောက်မှာတော့ ဘုန်းတန်ခိုးကြီးပြီး ကျော်ကြားလှတဲ့ စစ်ဘုရင်ကြီးဟာ သာမန်လူတွေလိုပဲ မျက်လုံးတွေမှိတ်သွားပါတော့တယ်။ စစ်ပွဲအလီလီနွှဲပြီး အောင်ပွဲတွေရယူနိုင်ခဲ့တဲ့ ဂရိဘုရင်ကြီး အလက်ဇန္ဒားဟာ သေမင်းနဲ့ စီးချင်းထိုးရာမှာတော့ အရှုံးပေးလိုက်ရပါတော့တယ်။

စာချစ်သူတို့ရေ…

သင့်ကျန်းမာရေးက သင့်အပေါ်မှာပဲမူတည်တယ်ဆိုတာကို သတိရပါ။ သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်စောင့်ရှောက်ပါ။ စည်းစိမ်ချမ်းသာဆိုတာ ကိုယ်ခန္ဓာကျန်းမာမှ ခံစားစံစားနိုင်မယ့် အရာတွေပါ။ ပြီးတော့ သင့်ကိုယ်သင်အတွက် လုပ်ခဲ့တဲ့လုပ်ရပ်တွေက သင်သေဆုံးချိန်မှာ သင်နဲ့အတူ သေဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ သူများတွေအတွက် လုပ်ပေးခဲ့တဲ့ ကောင်းမှုတွေက သင်သေသွားရင်တောင် ကမ္ဘာတည်သရွေ့ တည်မြဲနေမှာပါ။

ဒါကြောင့် သင်သေသွားတဲ့အခါမှာ လောကကြီးမှာ ကောင်းမှုတစ်ခုခုချန်ထားနိုင်ခဲ့အောင် ကြိုးစားပါ။

ဒီစာလေးကြောင့် ဘဝအသိအမြင်ကောင်းတွေရလိုက်တယ်ဆိုရင် SHARE ပြီး လက်ဆင့်ကမ်းမျှဝေဖို့ မမေ့ပါနဲ့။