ကြင်နာတတ်သူလေးနဲ့ မြေလျှောက်လိပ်ပြာလေးရဲ့ ရာဇဝင်

blank

တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ဟာ သစ်ပင်လေးတစ်ပင်မှာ ကပ်နေတဲ့  ပိုးအိမ်လေးတစ်ခုကို တွေ့သတဲ့။ ရက်အနည်းငယ်အကြာမှာ ပိုးအိမ်လေးမှာ အပေါက်လေးတစ်ပေါက်ဖြစ်လာပြီး အဲဒီထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ လိပ်ပြာလေးကိုလည်း သတိထားမိလိုက်သတဲ့။

ပိုးအိမ်ကလေးကို အစကတည်းက စိတ်ဝင်စားနေတဲ့ ကောင်လေးဟာ လိပ်ပြာလေးကို စောင့်ကြည့်နေရင်း အပေါက်ကျဉ်းကျဉ်းလေးထဲက အချိန်အတော်ကြာအောင် ရုန်းထွက်ဖို့ကြိုးစားနေရတာကို သနားလာသတဲ့။ ခေါင်းပြူထွက်လာပေမယ့် ခန္ဓာကိုယ်ကအပြင်ရောက်ဖို့ ရုန်းကန်နေဆဲပေါ့။ အဲဒါနဲ့ပဲကောင်လေးက လိပ်ပြာလေးအလွယ်တကူထွက်လို့ရအောင် ပိုးအိမ်လေးကို ကတ်ကြေးနဲ့ ဖြတ်ပေးလိုက်သတဲ့။ ကောင်ကလေးဟာ သူပိုးအိမ်ကို ဖြတ်ပြီးတော့ အတောင်တဖြတ်ဖြတ်ခတ်ပြီး လှပစွာထွက်လာမယ့် လိပ်ပြာလေးကို မျှော်လင့်ထားပေမဲ့  တကယ်ထွက်လာတဲ့အခါမှာတော့ ရှုံ့တွနေတဲ့အတောင်လေးတွေနဲ့ ချိနဲ့နဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်နေတာပေါ့။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်တော့ လိပ်ပြာလေး ပိုးအိမ်အတွင်းကနေ ကြပ်ကြပ်တည်းတည်းနဲ့ ထွက်လာတဲ့အခါ သူ့ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ အရိအရွဲတွေကို ကွာကျစေပြီး အပြင်ရောက်တဲ့အခါ အတောင်ပံလေးတွေကို အားအင်အပြည့်နဲ့ ပျံသန်းနိုင်စေပါတယ်။ ကောင်ကလေးရဲ့ ကူညီမှုဟာ လိပ်ပြာလေးရဲ့ ပျံသန်းနိုင်စွမ်းတွေကို ရိုက်ချိုးလိုက်သလိုဖြစ်သွားစေပြီး လိပ်ပြာလေးဟာ မြေလျှောက်လိပ်ပြာလေးပဲ ဖြစ်လာစေခဲ့တယ်။

ကျွန်မတို့ဘဝမှာလည်း အဲဒီလိုပါပဲ။ အခက်အခဲတွေဆိုတာ ကျွန်မတို့ကို ပိုမိုသန်မာတဲ့လူတွေဖြစ်အောင်၊ ပိုလှပလာတဲ့အရာတွေဖြစ်အောင် ပံ့ပိုးပေးနိုင်မယ့် အရာတွေလည်း ဖြစ်နိုင်ပါတယ်။ အခက်အခဲတွေကို သူများရဲ့အကူအညီယူပြီးသာ ဖြေရှင်းနေမယ်ဆိုရင် မြေလျှောက်လိပ်ပြာလေးလို ချိနဲ့နဲ့ ဖြစ်သွားပါလိမ့်မယ်။

သင့်ထက်ငယ်ရွယ်တဲ့သူတွေကိုလည်း နေရာတကာလိုက်ကူညီပေးရင်း မြေလျှောက်လိပ်ပြာလေးဖြစ်သွားစေတဲ့ အဖြစ်လေးတွေကို ရှောင်လိုက်ကြရအောင်နော်။

ဘဝဆိုတာ ရုန်းကန်ခြင်းတဲ့။ အားအပြည့်နဲ့ ပျံသန်းဖို့ ကိုယ်တိုင်ရဲ့အားနဲ့ ရုန်းကန်လိုက်ကြရအောင် စာချစ်သူတို့ရေ….။