ညီမလေးကိုမုန်းတယ်။

blank

ကျွန်မမှာညီမလေးတစ်ယောက်ရှိတယ်။ သူမလောကကြီးထဲရောက်လာချိန်ကစပြီး ကျွန်မရဲ့ အခွင့်အရေးတွေ တစ်စတစ်စပျောက်ဆုံးခဲ့တာကြောင့် ကျွန်မသူ့ကို တစ်စက်ကလေးမှ ကြည့်မရခဲ့ဘူး။ သူမမေမေ့ဝမ်းထဲကိုရောက်ပြီဆိုတာနဲ့ ကျွန်မကိုအချိန်ပြည့်ဂရုစိုက်တတ်တဲ့ ဖေဖေနဲ့မေမေ့အာရုံတွေက သူမဆီကိုရောက်သွားခဲ့တယ်။ အစတုန်းကတော့ ကျွန်မလည်း ကျွန်မနဲ့သွေးအနီးဆုံး ညီမလေးတစ်ယောက်ရောက်လာတော့မှာဆိုတော့ ပျော်တာပေါ့။

ဒါပေမဲ့ ဆွေမျိုးတွေ အိမ်ကိုရောက်လာတိုင်း “ နင့်အမေတို့က ညီမလေးကို ပိုချစ်တော့မှာ” လို့ ကျွန်မကိုစတတ်တယ်။ မေမေနဲ့ဖေဖေကလည်း “ညီမလေးရောက်လာရင် သမီးအနစ်နာခံရတော့မယ်” တဲ့။ ကျွန်မမောင်ပိုင်စီးခဲ့တဲ့ ဖေဖေ့လက်မောင်းကြီးနဲ့ ကျွန်မမင်းမူခဲ့တဲ့ မေမေ့ရင်ခွင်ကို ကျွန်မမပိုင်တော့ဘူးဆိုတာ သိရတဲ့နေ့က ကျွန်မတစ်ညလုံးငိုတယ်။ ပြီးတော့ ညီမလေးဆိုတဲ့ ကလေးပေါက်စနလေးကိုလည်း ကျွန်မသိပ်မုန်းတာပဲ။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုနဲ့ ညီမလေးအိမ်ကိုရောက်လာတော့ မေမေခွံ့ကျွေးတဲ့ထမင်းနဲ့ ဝေးလာသလို ကျွန်မခိုစီးနေကျ ဖေဖေ့လက်မောင်းကြီးနဲ့လည်း ခွဲခွာလာတော့တယ်။ မေမေက ကလေးနီတာရဲလေးနဲ့ပဲ တစ်ချိန်လုံးအလုပ်ရှုပ်နေတတ်ပြီး အလုပ်ကပြန်လာတဲ့ဖေဖေကတော့ မေမေ့ကိုဝိုင်းကူရတာနဲ့ပဲ အလုပ်များနေတတ်တယ်။

အားလပ်ချိန်တိုင်း တီဗွီကြည့်တတ်တဲ့ ကျွန်မ “ညီမလေး အိပ်နေတယ်” ဆိုတဲ့ ဆင်ခြေကြောင့် ငြိမ်ငြိမ်လေးနေရတတ်လာတယ်။ ကျွန်မတစ်ခုခု ဂျီကျဆိုးနွဲ့တိုင်း “အကြီးမဟုတ်ဘူးလား” ဆိုတဲ့စကားနဲ့ ငြိမ်နေရပြန်တယ်။ ကျွန်မငယ်ငယ်က ဝတ်ခဲ့တဲ့ အဝတ်အစားတွေနဲ့အတူ ကျွန်မပိုင်ဆိုင်ဖူးတဲ့ ချစ်ခြင်းမေတ္တာတွေအကုန်လုံးကို ညီမလေးတစ်ယောက်တည်း အပိုင်စားရသွားတော့တယ်။ ညီမလေးနဲ့ကျွန်မအရုပ်လုရင် ကျွန်မအရိုက်ခံရတယ်။ ညီမလေးတစ်ခုခုကြောင့် ငိုရင် ကျွန်မအဆူခံရတယ်။ “အကြီး” ဆိုတဲ့ စကားအောက်မှာ ဘာမှနားမလည်တဲ့ ကျွန်မစွန့်လွှတ်မှုအကြီးကြီးတွေလုပ်ခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မညီမလေးကို မုန်းခဲ့တယ်။ ညီမလေးလောကကြီးကနေ ပျောက်ကွယ်သွားရင်ကောင်းမှာပဲလို့ ဆုတောင်းမိတာလည်း ခဏခဏပါပဲ။

ဒီလိုနဲ့ကျွန်မလည်း ကျောင်းပြီးပြီးတော့ အလုပ်ဝင်တဲ့အရွယ်ကိုရောက်လာတော့တယ်။ အဖေနဲ့အမေကတော့ လူမှုဆက်ဆံရေးကောင်းမွန်ပြီး သွက်လက်ချက်ချာတဲ့ ညီမလေးကို ထုံပေပေနဲ့ ထင်ရာလုပ်တတ်တဲ့ ကျွန်မထက်ပိုပြီးအားကိုးခင်တွယ်ကြလိမ့်မယ်ထင်တယ်။ အမေကလည်း ကျွန်မကို “ပြောဆိုဆုံးမရ ခက်တဲ့သူ” တဲ့။ မိသားစုထဲမှာ ကျွန်မကအများနဲ့ မသက်ဆိုင်တဲ့ လူတစ်ယောက်လိုနေတတ်တယ်။

အခုတစ်လော ကျွန်မနှာခေါင်းသွေးတွေ ခဏခဏလျှံနေတတ်တယ်။ အပူကန်တာကြောင့် ဖြစ်နိုင်တယ်လို့ယူဆပြီး အမှုမှတ်အမှတ်မဲ့ပဲ နေခဲ့တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ရုံးမှာကျွန်မမူးလဲသွားခဲ့တယ်။ ကျွန်မသတိရလာတဲ့အခါမှာတော့ ကျွန်မဆေးရုံကိုရောက်နေခဲ့တယ်။ ကျွန်မကို စိုးရိမ်တကြီးကြည့်နေတဲ့သူတွေထဲမှာ ညီမလေးကထိပ်ဆုံးကပေါ့။ နောက်မှကျွန်သိရတာကတော့ ကျွန်မမှာသွေးကင်ဆာဖြစ်နေပြီတဲ့လေ။

ဒါပေမဲ့ ကျွန်မကံကောင်းခဲ့ပါတယ်။ သိရတာစောတာရယ် ကျွန်မရဲ့ညီမလေးကျေးဇူးကြောင့်ရယ် ကျွန်မအသက်ရှင်ခွင့်ရခဲ့တယ်။ ကျွန်မဘဝတစ်လျှောက်လုံးမုန်းတီးနေခဲ့တဲ့ ညီမလေးရဲ့ ရိုးတွင်းခြင်ဆီနဲ့ အသက်ရှင်ခွင့်ရလာခဲ့တဲ့ ကျွန်မကို ညီမလေးက သိပ်ချစ်တာပဲတဲ့။ ငယ်ငယ်ကတည်းကနေ သူမကကျွန်မအနားကို ကပ်ချင်ပေမဲ့ မှုန်ကုတ်ကုတ်နဲ့သူမကိုရှောင်ဖယ်နေတတ်တဲ့ ကျွန်မကိုသူမက ချစ်ပေမယ့်လည်း ကြောက်ရွံ့နေခဲ့တယ်။ ကျွန်မနေမကောင်းတဲ့အချိန်ရောက်မှပဲ ကျွန်မနဲ့ ညီမလေးအကြားက တံတိုင်းကြီးကို ဖယ်သွားခဲ့တယ်။

အဲဒီတံတိုင်းကြီးကို ဘယ်သူတွေက တည်ဆောက်ပေးခဲ့တာလဲဆိုတာကိုလည်း ကျွန်မတွေးမိနေတုန်းပဲ…

စာဖတ်ပရိသတ်ကြီးရဲ့ အတွေးတွေကိုလည်း ဝေမျှပေးလိုက်ပါဦးနော်။