ဂန္ထဝင်သို့ အိတ်ဖွင့်ပေးစာ – (၁)

blank

မင်္ဂလာပါ ဂန္ထဝင်ဝိုင်းတော်သားများရှင်။

အရင်ဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ ကျွန်မဘဝကို လမ်းပြပေးခဲ့လို့ပါ။

လွန်ခဲ့တဲ့ (၆) လလောက်က ကျွန်မဟာ အချစ်ရေး၊ မိသားစုရေး၊ လူမှုရေး အစစအရာရာမှာ အဆင်မပြေဖြစ်ပြီး အကြီးအကျယ် စိတ်ညစ်နေခဲ့တယ်။ စိတ်ကျရောဂါရသလိုပေါ့။ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။ ဘယ်မှလည်းမသွားချင်ဘူး။ တစ်နေ့လုံး ဖုန်းကိုပဲ အကြောင်းမဲ့ထိုင်သုံးနေခဲ့တာ။ ကိုယ့်ကိုယ်ကို သတ်သေဖို့အတွေးတွေဆိုလည်း ခဏခဏ ဝင်လာတာ။

အခန်းကျဉ်းထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်ပြီး စိတ်ကျရောဂါဖြစ်နေခဲ့တယ်။ ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိ။ လောကကြီးမှာ ဘာကြောင့် အသက်ရှင်နေရမှန်းကို ကိုယ့်ကိုယ်ကို မသိတော့တဲ့အထိ ဖြစ်ခဲ့တယ်။ တစ်နေ့မှာ facebook ကို ကြည့်နေတုန်း “သင့်ဘဝအဆုံးသတ်လိုက်တာနဲ့ အားလုံးငြိမ်းချမ်းသွားမှာလား” ဆိုတဲ့ စာလေးတစ်ခု ဖတ်ရတယ်။ ဝင်ဖတ်ကြည့်ရင်းကနေ ကျွန်မ အသိတရားရခဲ့တယ်။ ကျွန်မထင်တာတော့ ကျွန်မသေသွားရင် အေးမယ်ပေါ့။ အဲဒီစာကို ဖတ်ပြီးတော့မှ ကျွန်မထင်တာတွေမှားနေမှန်းသိခဲ့ရတယ်။ ဒီဆောင်းပါးလေးကို ဘယ်သူရေးထားတာလဲဆိုတာကြည့်လိုက်တော့ Gandawin Magazine တဲ့။

အဲဒီအချိန်ကတည်းကစလို့ ကျွန်မကိုယ့်ကိုယ်ကိုသတ်သေဖို့ မစဉ်းစားတော့ဘူး။ Gandawin Magazine ကိုဝင်ပြီး စာတွေဖတ်တယ်။ အကောင်းမြင်စိတ်တွေရှိလာပြီး စိတ်ဓာတ်မကျတော့ဘူး။ ကြိုးစားချင်စိတ်တွေရှိလာတယ်။ ပျော်ပျော်နေနိုင်မယ့်နည်းလမ်းတွေကို သိလာတယ်။ ဂန္ထဝင် page ကို see first လုပ်ထားပြီး ပုံမှန်ဖတ်ဖြစ်တယ်။ အမြဲတမ်းလည်း အားပေးတယ်။ သူငယ်ချင်းတွေကိုလည်း ပြန်ပြောဖြစ်တယ်။

စာရှည်သွားလို့ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့နော်။ ဂန္ထဝင်ကြောင့် ကျွန်မဘဝဦးတည်ချက်ကို ပြန်တွေ့ရတာ ကျေးဇူးတင်လွန်းလို့ပါ။ နောက်ထပ် စာစောင်ကောင်းလေးတွေလည်း များများတင်ပေးပါ။ ဂန္ထဝင်ရဲ့ အမာခံပရိသတ်တစ်ယောက်ပါလို့။ အမြဲအားပေးနေပါ့မယ်နော်။