သင့်အတွက် (၂ဝ၁၉) တစ်နှစ်စာ ကံကြမ္မာကိုရေးမယ့် ဇာတ်ဆရာက ဘယ်သူဖြစ်သင့်လဲ။

blank

တစ်ခါက မိခင်တစ်ယောက်ဟာ သူမရဲ့သားဖြစ်သူကို ကျောင်းသွားဖို့အတွက် အိပ်ယာက နှိုးပေးဖို့သွားသတဲ့။ သားဖြစ်သူက အပျင်းကြီးတဲ့ ကလေးတို့ရဲ့ ထုံးစံအတိုင်း ဟိုလိမ့်ဒီလိမ့်လုပ်ရင်း ပေတေအိပ်နေတာပေါ့။ အအိပ်ကြီးနေတဲ့ သားကို စိတ်တိုလာတဲ့ မိခင်က စောင်ကိုဆောင့်ဆွဲပြီး “ကျောင်းသွားဖို့ကို အမြဲ နှိုးနေရတာပဲ။ ဘာကိစ္စကျောင်းကိုမသွားချင်ရတုန်း” လို့ ဒေါသတကြီး အော်တော့တာပေါ့။ အဲဒီအခါမှာ သားဖြစ်သူက “ သား ကျောင်းမသွားချင်ရတာက သားကိုကျောင်းမှာ ဘယ်သူမှမချစ်လို့မေမေ။ ကျောင်းသားတွေကလည်း သားကိုမုန်းကြတယ်။ ဆရာတွေကလည်း သားကိုမကြည်ဖြူကြဘူး။ သားကျောင်းသွားချင်စိတ်ဖြစ်စေမယ့် အကြောင်းအရာ တစ်ခုလောက်များ မေမေသိလား” လို့ မိခင်ကို ပြန်ပြီးမေးခွန်းထုတ်လိုက်သတဲ့။

အဲဒီအခါမှာ မိခင်က “ဘယ်လိုပြောလိုက်တာလဲ သားရယ်… သားကျောင်းကို မဖြစ်မနေသွားသင့်တဲ့ အကြောင်းအရာက တစ်ချက်တည်းတောင်မဟုတ်ဘူး။ နှစ်ချက်တောင်ရှိတယ်။ ပထမတစ်ချက်က သားက အသက် ၅၂ နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်နေပြီ။ ဒုတိယတစ်ချက်က သားက အဲဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးလေ” လို့ဖြေလိုက်သတဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး ကျွန်မတို့အားလုံးငယ်ငယ်က ကျောင်းသွားဖို့ပျင်းတတ်ကြတာကို သတိရသွားတယ်ဟုတ်။ ငယ်ငယ်က မိဘတွေက ကျောင်းသွားဖို့နှိုးတိုင်း ဆင်ခြေဆင်လက်မျိုးစုံပေးပြီး ကျွန်မတို့ပေတေအိပ်နေခဲ့ကြတယ်။ အကြောင်းပြချက်တွေရှာကြံပြီး ကျောင်းပျက်ဖို့အခွင့်အရေးတွေကို ဖန်တီးခဲ့ကြတယ်။ နေမကောင်းလို့ ကျောင်းမသွားရတဲ့နေ့တွေမှာလည်း စိတ်ထဲမှာကြိတ်ပြီးပျော်နေခဲ့ကြတယ်။

ဒါပေမဲ့ စာသင်နှစ်တစ်နှစ်ရဲ့ ပထမဆုံးရက်မှာကော ကျွန်မတို့ အဲဒီလိုပျင်းရိခဲ့ကြသလား။ အတန်းအသစ်တက်ရမှာကြောင့် ရင်ခုန်စိတ်လှုပ်ရှားပြီး ညအိပ်မပျော်ဖြစ်ခဲ့ကြသလား။ စာအုပ်အသစ်၊ အင်္ကျီအသစ်၊ ဖိနပ်အသစ်၊ ထမင်းချိုင့်အသစ်၊ လွယ်အိတ်အသစ်တွေကို ကျောင်းမပိတ်ခင်တစ်ပတ်လောက်ကတည်းက ကိုင်ကြည့်လိုက်ပြန်ချလိုက်နဲ့ ရင်ခုန်ပျော်ရွှင်ခဲ့ကြတယ်။ ပုံနှိပ်စာအုပ်အသစ်တွေကို ကြည့်ပြီး အသစ်တွေသင်ယူရတော့မယ်အတွေးနဲ့ စိတ်အားထက်သန်နေခဲ့ကြတယ်။

အဲဒီလိုပါပဲ ကျွန်မတို့ဘဝမှာလည်း နှစ်စဉ်နှစ်တိုင်း ၃၆၅ ရွက်ပါတဲ့ ဗလာစာအုပ်တစ်အုပ်စီ ရကြတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်မတို့ရခဲ့တဲ့ ဗလာစာအုပ်လေးမှာ ကျွန်မတို့ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးခဲ့ကြတယ်။ အချစ်ရေး၊ အလုပ်အကိုင်၊ မိသားစုအရေးနဲ့ လူမှုရေးစတဲ့ အခန်းတွေပါဝင်တဲ့ ကိုယ်ပိုင်ဇာတ်လမ်းကိုယ်စီကို ရေးခဲ့ကြတယ်။ တချို့အခန်းတွေကို လက်ရေးလှလှလေးရေးခဲ့သလို တချို့စာမျက်နှာတွေမှာ စာမရေးဘဲ ခြစ်ရာဖျက်ရာတွေနဲ့ အလဟသလုပ်ပစ်ခဲ့ကြတယ်။ တချို့အခန်းတွေဟာ မျက်ရည်တွေကျပြီး မှင်တွေကမပီမပြင်နဲ့ ပေနေခဲ့ကြတယ်။ တချို့အခန်းတွေကတော့ ဒေါသတွေကြောင့် တွန့်ကြေလို့ပေါ့။ တချို့စာမျက်နှာတွေကတော့ စာမမှီလို့ နောက်မှပြန်ရေးဖို့ ချန်ထားရင်း ဗလာလေးကျန်ခဲ့တာပေါ့။

၂ဝ၁၈ မှာ ကျွန်မတို့ရေးခဲ့တဲ့ စာအုပ်ဟာ ပြီးဆုံးသွားပေမယ့် စိတ်မညစ်ပါနဲ့ စာချစ်သူရေ…။ ၂ဝ၁၉ အတွက် ဗလာစာအုပ်အသစ်လေးတွေ ကျွန်မတို့လက်ထဲကို ရောက်လာခဲ့ပြီးပြီလေ။

ငယ်ငယ်က အတန်းအသစ်တက်ရတော့မယ်ဆိုရင် စိတ်လှုပ်ရှားနေခဲ့သလို ကျွန်မတို့ရဲ့ စာအုပ်အသစ်လေးကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ရေးလိုက်ကြအောင်။ စာမျက်နှာ ၃၆၅ လုံးကို လက်ရေးလှလှသပ်သပ်ရပ်ရပ်ရေးရင်း အဖိုးတန်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်အောင် ရေးလိုက်ရအောင်။ တစ်နှစ်ကုန်သွားလို့ လှန်ဖတ်ကြည့်မိတဲ့အခါ ကျေနပ်နှစ်သက်မှုကို ခံစားရအောင် စာမျက်နှာတိုင်း၊ အခန်းတွေတိုင်းကို အဖိုးတန်စွာ အသုံးချလိုက်ရအောင်။

(၃၅၆) ရက်ဆိုတာ နှစ်တစ်နှစ်ကို အလှပဆုံးဇာတ်လမ်းလေးတစ်ပုဒ်ရေးသားနိုင်ဖို့ အခွင့်အရေး (၃၆၅) ခုပါတဲ့ ဗလာစာအုပ်လေးတစ်အုပ်ပါ။ ဘာတွေရေးမလဲဆိုတာတော့ ကျွန်မတို့အပေါ်မှာပဲ မူတည်ပါတယ်။ သင်ကော… လက်ရေးလှလှရေးဖို့ အဆင်သင့်ဖြစ်ပြီလား။