တေ့တေ့လေးလွဲတဲ့ နားလည်မှုလေးတွေဟာ အိမ်ထောင်ရေးကို တိုက်ဖျက်တဲ့ ခြတွေပါ။

blank

အသက် (၆ဝ) အရွယ် သက်ကြီးရွယ်အိုစုံတွဲ တစ်တွဲဟာ တရားရုံးကို လာပြီး ကွာရှင်းခွင့်တောင်းကြသတဲ့။ အိမ်ထောင်သက် (၄ဝ) အကြာမှာ ကွာရှင်းခွင့်တောင်းလာတဲ့ ဇနီးမောင်နှံကို ရှေ့နေကြီးက အံ့သြနေတာပေါ့။  အဲဒါနဲ့ပဲ ရှေ့နေကြီးက “ ဘဝရဲ့ အချိန်တော်တော်များများကို အတူတူဖြတ်သန်းပြီးတဲ့နောက်မှာ ဘာ့ကြောင့် ကွာရှင်းချင်တာလဲ” လို့ တအံ့တသြ မေးလိုက်တာပေါ့။ အဘွားကြီးက မဆိုင်းမတွဆိုသလိုပဲ “ ကျွန်မသူ့ကို သည်းခံပြီးပေါင်းသင်းနေခဲ့တာက သားသမီးတွေရဲ့ မျက်နှာကြောင့်ပေါ့။ အခုတော့ သားသမီးတွေလည်း အတောင်အလက်ဆုံပြီဆိုတော့ ကျွန်မသူ့ကိုဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ကျွန်မသူ့ကိုချစ်တယ်။ ဒါပေမဲ့ အချစ်တစ်ခုတည်းက အိမ်ထောင်ရေးတစ်ခုကို မြဲနေအောင် ချည်နှောင်မထားနိုင်ဘူး” လို့ ဆိုသတဲ့။ အဘိုးအိုကတော့ ဘာမှနားမလည်ဟန်နဲ့ ကြည့်နေတော့သတဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နားမလည်နိုင်အောင်ဖြစ်နေတဲ့ ရှေ့နေကြီးဟာ အဘိုးအိုဇနီးမောင်နှံတို့ရဲ့ အိမ်ထောင်ရေးပြဿနာအရင်းခံကို သိချင်သွားတာကြောင့် “ကောင်းပါပြီဗျာ… ဒါဆိုလည်း အဘတို့သဘောကျ ကျွန်တော်ဆောင်ရွက်ပေးပါ့မယ်။ အခုတော့ ထမင်းစားချိန်ဆိုတော့ အဘိုးနဲ့အဘွားကို ကျွန်တော်နေ့လည်စာလိုက်ကျွေးပါရစေ” လို့ ဖိတ်ခေါ်လိုက်သတဲ့။ အဘွားအိုက သိပ်တော့ဆန္ဒမရှိပေမယ့် နောက်ဆုံးအကြိမ်လို့ သဘောထားပြီး နေ့လည်စားအတူစားဖို့ သဘောတူလိုက်တာပေါ့။ သူတို့တွေအားလုံး ထမင်းဆိုင်ကိုရောက်ပြီး ဟင်းတွေရောက်လာတဲ့အခါမှာ အဘိုးအိုက…

“ရော့.. မိန်းမ များများစား”  လို့ပြောရင်း ကြက်ပေါင်ကြော်တစ်ခုကို အဘွားအိုရဲ့ ထမင်းပန်ကန်ထဲကို ထည့်ပေးလိုက်တယ်။ အဘွားအိုက ချက်ခြင်းဆိုသလိုပဲ ကြက်ပေါင်ကြော်ကို အဘိုးကြီးပန်းကန်ထဲ ပြန်ထည့်ပေးပြီး “ကျွန်မမှ ကြက်ကြော်မကြိုက်တာ..။ ရှင်ကအဲ့လိုပဲ နှစ်တွေဘယ်လောက်ကြာကြာ ကျွန်မဘာကြိုက်လဲ ဆိုတာမသိဘူး။ ရှင်ဖြစ်ချင်တာတစ်ခုတည်းကို ကြည့်တတ်တဲ့သူ” လို့ပြောရင်း ထမင်းစားစားပွဲကနေ ထထွက်သွားတော့တယ်။ အဘိုးကြီးကတော့ စိတ်မကောင်းစွာနဲ့ ကျန်နေခဲ့တော့တယ်။

အဲဒီညနေမှာ အဘိုးအိုဟာ အဘွားအိုကို တောင်းပန်စကားဆိုဖို့ ဖုန်းတဂွမ်ဂွမ်ဆက်နေတော့တယ်။ သူတို့ပေါင်းသင်းနေထိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဘွားအိုရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဘွားအိုက တစ်ခါမှ ဖွင့်ဟပြီးမတောင်းဆိုခဲ့လို့ပဲ။ သူမှန်းဆပြီးဖြည့်ဆည်းပေးနေခဲ့တဲ့အရာတွေဟာ အဘွားအိုမလိုချင်တဲ့အရာတွေဖြစ်နေခဲ့တယ်။ သူတို့နှစ်ယောက်အကြားမှာ တေ့တေ့လေးလွဲနေခဲ့တဲ့အရာဟာ အိမ်ထောင်ရေးမှာ ဆက်ထုံးကြီးဖြစ်နေခဲ့တာ သိလိုက်ရချိန်မှာ အဘိုးအိုအနေနဲ့ သူ့ဇနီးကိုရှင်းပြချင်နေခဲ့တယ်။ သူမကိုတောင်းပန်စကားဆိုချင်ခဲ့တယ်။

အဘိုးအိုဟာ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေရဲ့ ဒဏ်ကြောင့် အဲဒီနေရာမှာပဲ နှလုံးအမောဖောက်ပြီး ဆေးရုံကိုရောက်သွားတော့တယ်။ အဲဒီသတင်းကိုကြားပြီး အဘွားအိုဆေးရုံကိုပြေးလာချိန်မှာတော့ အဘိုးအိုရဲ့ အသက်ဝိဉာဉ်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုသာတွေ့လိုက်ရတော့တယ်။ အဲဒီဘေးမှာတော့ သူမကိုရည်ရွယ်ပြီးရေးထားတဲ့ စာလေးတစ်စောင်က သူမကိုအဆင်သင့်စောင့်ကြိုလို့ပေါ့။

“မိန်းမရေ…  ကိုယ့်မှာ အသက်ရှင်ဖို့ အချိန်သိပ်မရှိတော့ဘူးဆိုတာ သိလိုက်ရချိန်မှာ ကိုယ်ပထမဆုံးလုပ်ချင်တာက မင်းကိုတောင်းပန်ဖို့ပါပဲ။ တစ်သက်လုံးမင်းဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ကိုယ်စိတ်မကောင်းပါဘူး။ တကယ်တော့လေ မင်းသာကိုယ့်ကိုဖွင့်ဟပြီးပြောရင် ကိုယ်က ဖြည့်ဆည်းပေးမှာပေါ့ကွာ။ အခုတော့ မင်းက ဖွင့်မပြောဘဲ ကိုယ့်ကိုနားလည်စေချင်တယ်။ တစ်ခုခုဆို အရိပ်အချည်ကြည့်ပြီး သဘောပေါက်စေချင်ခဲ့တယ်။ တကယ်တော့ မိန်းမရေ… လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ စိတ်ထဲမှာဘာတွေရှိနေလဲဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ်အမြဲတမ်း မင်းကိုချစ်နေမယ်။ ကိုယ်မကြာခင်သေရတော့မယ်။ ကိုယ်မသေဆုံးခင်မှာ ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေးတွေကိုလည်း မင်းအတွက် ထားခဲ့တယ်။ ပြီးတော့ ကိုယ်တို့လက်ထပ်ကာစက ကိုယ်ကတိပေးခဲ့သလိုပဲ ဘာပဲဖြစ်လာဖြစ်လာ မင်းရဲ့ဆုံးဖြတ်ချက်တိုင်းကို ကိုယ်လေးစားမြတ်နိုးပါတယ်” လို့ရေးထားတဲ့ စာလေးကို ဖတ်ပြီးနောက်မှာ အဘွားအိုဟာ အားကုန်မောပန်းသွားသလို ဝမ်းနည်းသွားမိတယ်။

ချစ်တဲ့သူတွေကို ဘာမှမဟုတ်တဲ့ အငြိုးအတေးတစ်ခုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲလို့မဆုံးဘူးပေါ့။