ဖခင်တစ်ယောက်က သမီးလေးကို ဝေမျှသွားတဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို အရယူနည်း

blank

သမီးလေးရေ….

ဖေကြီးက သမီးမေကြီးကို ချစ်ခဲ့တယ်။ စိတ်ဝင်စားခဲ့တယ်။ အဲဒီစိတ်ဝင်စားမှုဟာ သမီးမေကြီး ကြိုးစားအားထုတ်ပြီး ရခဲ့တဲ့ စိတ်ဝင်စားမှုမဟုတ်ဘူး။ သမီးမေကြီးရဲ့ စိတ်ထားနဲ့ ရှိရင်းစွဲ ရုပ်အလှကို ဖေကြီးစိတ်ဝင်စားခဲ့တာ။ ဖေနဲ့မေလက်ထပ်ပြီး သမီးမေကြီးရဲ့ မီးဖိုခန်းထဲဝင်ပြီး ချွေးတလုံးလုံးဖြစ်သွားတဲ့အချိန်၊ မနက်စောစော ဆံပင်ကပိုကရိုနဲ့ဖြစ်နေတဲ့အချိန်၊ သမီးမေကြီး နေမကောင်းတဲ့အခါ မျက်တွင်းလေးတွေညိုပြီး မျက်နှာ ဖြူလျော့နေတဲ့အချိန် ဘယ်လိုအချိန်မှာမဆို ဖေကြီးရဲ့ စိတ်ဝင်စားမှုက လျော့မသွားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖေကြီးက သမီးမေကြီးကို အရှိအတိုင်း စိတ်ဝင်စားခဲ့လို့ပဲ။ သမီးမေကြီးလည်း အဲ့ဒီလိုဖြစ်လိမ့်မယ်ဆိုတာ ဖေဖေသေချာတယ်။ ဖေကြီးကို ဆွဲဆောင်ဖို့ သူတစ်ခါမှ ကြိုးစားအားထုတ်ခဲ့မှာ မဟုတ်သလို ဖေကြီးကလည်း သူ့ကိုဆွဲဆောင်ဖို့တစ်ခါမှ မကြိုးစားခဲ့ဘူး။ ဖေကြီးပြောချင်တာ သမီးသဘောပေါက်လား။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သမီးရေ… “သီးချိန်တန် သီး၊ ပွင့်ချိန်တန် ပွင့်”  ဆိုတဲ့ လောကနိယာမအရ သမီးလည်းပဲ အချိန်တန်လာရင် လက်တွဲဖော်ကို ရွေးချယ်ရလိမ့်မယ်။ သမီးရွေးချယ်မယ့် ချစ်သူဟာ ဖေကြီးသဘောကျ ဥစ္စာပေါရုပ်ချော ဖြစ်ဖို့မလိုအပ်သလို၊ မေကြီးသဘောကျ ရည်မွန်တဲ့သူဖြစ်ဖို့လည်း မလိုပါဘူး။ ဖေကြီးကိုဖားဖို့ ဂေါ့ဖ်လိုက်ရိုက်ဖို့မလိုသလို မေကြီးပျော်အောင် ဈေးလိုက်ပို့ပေးစရာလည်းမလိုပါဘူး။ သမီးရဲ့လက်တွဲဖော်နဲ့ ဖေမေတို့တူညီဖို့လိုတာ တစ်ခုပဲရှိတယ်။ အဲဒါက “သမီးရဲ့ ပျော်ရွှင်မှု” ပါပဲ။ သမီးလေးကို အရှိအတိုင်းလက်ခံနိုင်ပြီး သမီးလေးကို နဂိုအတိုင်းစိတ်ဝင်စားတဲ့သူ၊ သမီးလေးကို စိတ်ချမ်းသာအောင်ထားပြီး အကောင်းအဆိုးတွေတိုင်းကို သမီးနဲ့အတူ ဖြတ်ကျော်ချင်တဲ့သူဆိုရင် ဖေနဲ့မေက တံခါးဖွင့်ပြီး ကြိုဆိုလျက်ပါ။ အရေးကြီးတာက ဖေကြီးအပေါ်မှာပျော်ခဲ့သလို သူ့ရဲ့စိတ်ဝင်စားမှုကို ရဖို့ “ဘယ်လို” ဆိုတဲ့ စကားလုံးလေးနဲ့ သမီးကြိုးစားအားထုတ်စရာမလိုတဲ့သူပေါ့။ ချစ်သူအတွက် ကြိုးစားအားထုတ်တာက ကောင်းပေမဲ့ အချစ်စစ်ဆိုတာ ကြိုးစားအားထုတ်စရာမလိုဘဲ အလိုလိုဖြစ်တည်လာတဲ့အရာတစ်ခုပဲ မဟုတ်လားသမီး။

သမီးလေးရေ… နောက်ဆုံးအနေနဲ့ ဖေကြီးမှာချင်တာကတော့ ယောက်ျားလေးတစ်ယောက် စိတ်ဝင်စားအောင် ကြိုးစားအားထုတ်ဖို့ဆိုတာ သမီးအလုပ်မဟုတ်ဘူးနော်။ ဖျားယောင်းပြီးတော့ရတဲ့ စိတ်ဝင်စားမှုဟာ ဘယ်အချိန်ထိခံမှာလဲသမီး။ သမီးတစ်သက်လုံး  လူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကိုရဖို့ ကြိုးစားနေနိုင်မှာလည်း မဟုတ်ဘူးဆိုတော့ သမီးလေးရဲ့ ရှိရင်းစွဲပုံစံကို လက်ခံနိုင်တဲ့သူ အားနည်းချက်အားသာချက်တွေတိုင်းကို စိတ်ဝင်စားတဲ့သူ၊ သမီးလေးကို ပျော်ရွှင်အောင်ထားဖို့ စိတ်ဝင်စားတဲ့သူကို ရွေးချယ်ပါလို့ ဖေကြီးအကြံပေးမယ်နော်။

စိတ်ဝင်စားမှုရအောင် ဖန်တီးထားရတဲ့အရာက အချစ်မဟုတ်ဘူး။ အချစ်စစ်မှန်ရင် သမီးနဲ့ပတ်သက်တာတွေကို အလိုလိုစိတ်ဝင်စားလာလိမ့်မယ်။