အောင်မြင်မှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်တဲ့ အကယ်ဒမီ စိုးမြတ်သူဇာနဲ့ တွေ့ဆုံမေးမြန်းခြင်း

blank
မင်္ဂလာပါ ဂန္ထဝင်ပရိသတ်ကြီးရေ။

မြန်မာအမျိုးသမီးလေးတွေရဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရေးကို ရည်ရွယ်ထုတ်ဝေနေတဲ့ ဂန္ထဝင်မဂ္ဂဇင်းမှ ဒီတစ်ပတ် တွေ့ဆုံမေးမြန်းထားတဲ့ အနုပညာရှင်ကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အောင်မြင်မှုကိုလည်း ကာလ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီစိုးမြတ်သူဇာပဲ ဖြစ်ပါတယ်ရှင်။ ပရိသတ်ကြီးက မကြီးစိုးလို့ချစ်စနိုးခေါ်ကြတဲ့ မစိုးမြတ်သူဇာနဲ့ တွေ့ဆုံမေး မြန်းထားတာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

 ၁။ မကြီးစိုးရေ မင်္ဂလာပါ။  အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေး သိပါရစေ အစ်မ။

မကြီး ဒီအနုပညာလောကထဲကို စပြီးတော့ ဝင်ရောက်ခဲ့တဲ့နှစ်ကတော့ ၁၉၈၈၊ ၁၉၈၉ ပေါ့နော်။ ၁၉၈၈ မှာ မကြီးကဆယ်တန်းအောင်တာဆိုတော့ ၈၈၊ ၈၉ ပေါ့။ အဲ့ချိန်မှာ မကြီးက ဘာအလုပ်မှလည်းမရှိ ဆယ်တန်းအောင်ခါစဆိုတော့ အဖေတို့ရုံးမှာ အလုပ်လေးတစ်ခုလုပ်မယ်ဆိုပြီး စဉ်းစားနေတဲ့အချိန်မှာပဲ ရည်ရွယ်မထားဘဲ ဒီလောကထဲကို ရောက်လာတယ်ဆိုပါတော့ ။

၂။ အကယ်ဒမီထူးချွန်ဆုဆွတ်ခူးရရှိခဲ့တဲ့ ဇာတ်ကားအမည်လေးတွေကိုလည်း သိပါရစေ။

ပထမဆုံး အကယ်ဒမီက ၁၉၉၄ ခုနှစ်မှာ နော်ရင်မွှေးဆိုတဲ့ ကားနဲ့ရတယ်ပေါ့နော်။ နောက် ဒုတိယကားကိုတော့ ၁၉၉၈ မှာ ရွှေနံ့သာစံအိမ် ဆိုတဲ့ ကားနဲ့ရတယ်။

၃။ အခုလို အောင်မြင်မှုကို နှစ်ကာလကြာရှည်အောင် ထိန်းသိမ်းထားနိုင်တဲ့လျှို့ဝှက် ချက်လေးကိုလည်း သိပါရစေ။

လျှို့ဝှက်ချက်ရယ်လို့တော့ မရှိပါဘူး။ မကြီးကတော့ ဘဝကိုလည်း ရိုးရိုးရှင်းရှင်းပဲ သွားတယ်။ ဆက်ဆံရေးတွေဆိုလည်း ရိုးရိုးရှင်းရှင်းပဲ ဆက်ဆံတယ်။ အားလုံးနဲ့ ဆက်ဆံတာဖြစ်ဖြစ်၊ လူတွေနဲ့ ဆက်ဆံတာဖြစ်ဖြစ် ရိုးရိုးရှင်းရှင်းနေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မကြီးရဲ့ အတွေ့အကြုံအရပေါ့။

၎။ အစ်မရဲ့ဖက်ရှင်တွေကိုကြည့်လိုက်ရင် အမြဲဆန်းသစ်နေတာ တွေ့ရပါတယ်။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ အစ်မရဲ့အယူအဆလေးကိုလည်း သိပါရစေ။

မကြီး ဆန်းသစ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ မကြီးကလေ အဲ့ဒီလိုသူများဝတ်ထားပြီးသားဒီဇိုင်း ဆိုလည်းဝတ်တာပဲ။ မကြီးရဲ့အယူအဆက ဘယ်လိုလဲဆိုတော့ သူများဝတ်ထားပြီးတဲ့ ဒီဇိုင်းကြီးဆိုပေမဲ့လည်း မကြီးက မကြီးမဝတ်ရသေးတဲ့အခါကျတော့ သူများဝတ်တာက သူများပုံစံလေးထွက်လာမှာပေါ့။ မကြီးဝတ်လည်း မကြီးပုံစံမျိုးလေး ထွက်လာမယ်လို့ မကြီးက အဲ့လိုယူဆတယ်လေ။ အဲဒါကြောင့် မကြီးမှာ အဲ့လိုအယူအဆတွေတော့ မရှိဘူး။ သူများဝတ်ပြီးသားမို့ လိုက်မဝတ်တာ၊ သူများလုပ်ပြီးသားမို့ လိုက်မလုပ်တာတို့လည်း မကြီးမှာ မရှိဘူး။ အဲတော့ ဖက်ရှင်ဒီဇိုင်းဆိုလည်း မကြီးဆန်းသစ်တယ်ဆိုတာထက် မကြီးနဲ့လိုက်ဖက်တာကို ရွေးချယ်ပြီး ဝတ်တဲ့သဘော အဲ့လိုပါ။

၅။ နောက်တက်လာတဲ့မျိုးဆက်သစ်လေးတွေနဲ့အပြိုင် အခုလို နုပျိုလှပနေအောင် အလှအပကိုထိန်းသိမ်းထားတဲ့နည်းလမ်းလေးရှိရင်လည်း ပရိသတ်ကြီးကို ဝေမျှပေးပါဦး အစ်မ။

အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး သမီးရယ်။ အခုခေတ်ကလေးတွေ အကုန်လုံးကလည်း လှပါတယ်။ မကြီးကလည်း မကြီးအသက်အရွယ်နဲ့ လိုက်ဖက်ညီအောင် မကြီးနေပါတယ်။ နုပျိုလှပအောင် ထိန်းသိမ်းထားတယ်ရယ်လို့တော့ မရှိပါဘူး။

၆။ ကျန်းမာရေးအနေနဲ့ကော ဘာတွေလေ့လာလိုက်စားဖြစ်လဲ အစ်မ။

ကျန်းမာရေးကလည်း မကြီး နိုင်ငံခြားမှာလေ အရင်တုန်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂဃနဏ သေချာ မသိခဲ့ဘူးပေါ့နော်။ နောက် မကြီးနိုင်ငံခြားမှာ အိမ်ထောင်ကျတော့ နိုင်ငံခြားမှာနေရတယ်ပေါ့။ နေရတဲ့အခါကျတော့မှ မကြီး အဲ့အချိန် အသက်၂၉၊ ၃ဝ လောက်ရှိပြီပေါ့။ အဲ့ဒီတော့မှ မကြီးကသဘောပေါက်တယ်။ သြော် မိန်းမတစ်ယောက်က ဘယ်လိုဆေးမျိုးတွေကို သောက်သင့်သလဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတွေလေ့လာလိုက်စားသင့်လဲ ဆိုတာ မကြီး သိခဲ့တယ်ပေါ့။ ဥပမာ မကြီး skin care တွေ ဘာတွေမသုံးဘူး။ အသက်သုံးဆယ်လောက်အထိက ဘာ skin care မှလည်းမသုံးဘူး။ ဥပမာ ဆံပင်မဖြူအောင်လို့ သွားတွေခိုင်အောင်လို့ နောက်အရိုးတွေခိုင်အောင် ဆေးတွေဘာတွေသောက်တာမျိုးလည်း မရှိဘူး။ အမှန်တကယ်တော့ သောက်သင့်တယ်လေ။ Calcium တို့ Vitamin E တို့ဘာတို့ အဲဒါမျိုးတွေက ဒါမိန်းမတွေမှာ အမြဲတမ်း Vitamin E တို့ Calcium တို့ Calcium ဆိုလည်းလိုအပ်တာပဲ။ Vitamin E ဆိုလည်းလိုအပ်တာပဲ။ အဲဒါမျိုးတွေ စားသုံးရမယ်ဆိုတာ အခုနောက်ပိုင်းကျတော့ skin care တွေ၊ Vitamin တွေကလည်း အရမ်းဆန်းသစ်ပြီး ပေါ်လာတယ်။ မကြီးက အခုနောက်ပိုင်းကျတော့ ဆေးတွေက သောက်စရာတွေကလည်းများလာတော့ New Skin ကထုတ်တဲ့ဆေးဆို အဲဒါက တစ်လုံးသောက်လိုက်ရင် တော်တော်မဆိုးဘူး။ အခုနောက်ပိုင်းကျတော့ ဒါဒါက  Vitamin D လိုတယ်ဆို D ပေါ့။ အဲ့လိုမျိုး Vitamin နဲ့ ပတ်သက်တာလေးတွေ မကြီးသောက်ဖြစ်ပါတယ်။

၇။ အောင်မြင်မှုနဲ့ပတ်သက်ပြီး အောင်မြင်သူတစ်ယောက်ဖြစ်တဲ့ အစ်မရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကို သိချင်ပါတယ်။

အောင်မြင်ဖို့ဆိုတာ တကယ်တမ်းကျတော့ မလွယ်ဘူး။ မလွယ်သလို အဲ့ဒီအောင်မြင်မှုကို ဆက်ပြီးရေရှည်ထိန်းသိမ်းထားဖို့ဆိုတာလည်း သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့လည်းလေ လူဆိုတာ ကိုယ့်ကိုယ်ကိုသိရမယ်။ ကိုယ့်စိတ်ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်ရမယ်။ ကိုယ့်ကိုယ်ကိုနေတတ် ထိုင်တတ်ရမယ်။ ဒါမှလည်း အဲ့ဒီအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်မှာပေါ့။ သည်းခံတယ်ဘာတယ်ဆိုတာကလည်းရှိပါတယ်။ အဲ့ဒါတွေနဲ့လည်းဆိုင်ပါတယ်။ မကြီး ယူဆတာကတော့ ဒီအောင်မြင်ဖို့အတွက်က အဖက်ဖက်ကသက်ဆိုင်နေတယ်လို့ မကြီးယူဆပါတယ်။

၈။ အနုပညာသမားဆိုတာ အများရဲ့အာရုံစိုက်မှုကို ခံယူနေရသူတွေမို့ တစ်ခါတရံ ကောလာဟလတွေနဲ့လည်း ကြုံရပါတယ်။ ကောလာဟလတွေကြုံရတဲ့အခါ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ရင်ဆိုင်ကျော်လွှားပါသလဲ အစ်မ။

ကောလဟာလကတော့ မကြီးတို့ ဒီအနုပညာအလုပ်လုပ်နေတဲ့ ကာလပတ်လုံး ရင်ဆိုင်နေရမှာပဲ။ တစ်ခါလည်း ပြောဖူးတယ်။ မကြီးကို  ပြောတယ် ဒီကောလဟာလတွေနဲ့ ကြုံတိုင်းကြုံတိုင်း ဘယ်လိုတုံ့ပြန်ဖို့ စဉ်းစားလဲဆိုတာ၊ ကောလဟာလတွေကို တုံ့ပြန်ဖို့ မစဉ်းစားဖူး။ အဲ့ကောလဟာလတွေ အပြောခံရတဲ့ အချိန်မှာပဲ ဒါကိုရင်ဆိုင်နိုင်ဖို့ပဲ ကြိုးစားတယ်။ ဘာကြောင့်လဲဆိုတော့ တုံ့ပြန်ဆိုတော့ တုံ့ပြန်နိုင်စရာ မလိုဘူးလေ။ ရင်ဆိုင်နိုင်ဖို့ပဲ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြီးတို့ ဒီအနုပညာ အလုပ်ကိုလုပ်နေတဲ့ ကာလပတ်လုံး မသေမချင်းလုပ်လဲ အဲဒီ့ကောလဟာလနဲ့ ပတ်သတ်လို့ မကြီးတို့က အမျိုးစုံကြုံတွေ့နေရဦးမှာပဲ။ ဒါတွေက အမြဲတမ်းတွေ့နေရမယ့်ကိစ္စ အဲဒါတွေကို တုံ့ပြန်နိုင်ဖို့အတွက် မကြီး ရင်ဆိုင်နိုင်အောင်ပဲ ကြိုးစားတယ်။

၉။ အစ်မရေးသားခဲ့တဲ့စာအုပ်လေးတွေကိုလည်း ပရိသတ်တွေအရမ်းနှစ်သက် အားပေးခဲ့ကြတယ်နော်။ အခုလောလောဆယ်ကော ဘာစာအုပ်လေးရေးနေပါသလဲ အစ်မ။

ပရိသတ်တွေ နှစ်သက်တယ်ဆိုပေမဲ့ မကြီးအားနာမိပါတယ်။ မကြီးစာရေးတာလည်း အဲဒီလောက် ကောင်းတာလည်း မဟုတ်ဘူး။ လျှောက်ပြီးစိတ်ကူးယဉ်ပြီး လျှောက်ရေးထားတာဆိုတော့လေ အခုကျတော့ ကိုယ့်ကိုယ်ကို စိတ်ကူးမယဉ်တတ်ဘူးလားတောင်ထင်မိတယ်။ အခုကျတော့ မကြီးလက်ရှိရေးနေတဲ့ စာအုပ်ကို မကြီးအဆုံးမသတ်နိုင်သေးပါဘူး။ ဘယ်တော့အဆုံးသတ်နိုင်မှာလဲဆိုတာလည်း မကြီးမပြောနိုင်သေးဘူး။ ရေးတော့ရေးနေတယ်။

၁ဝ။ အလုပ်တွေများတဲ့သူအနေနဲ့ စိတ်ဖိစီးမှုတွေကိုကော  ဘယ်လိုဖြေဖျောက်ပါသလဲ အစ်မ။

အိပ်ပါတယ်။

၁၁။ ကိုယ်ပိုင်အားလပ်ချိန်တွေကိုကော ဘယ်လိုအနားယူအပန်းဖြေလေ့ရှိပါသလဲ။

မကြီးကတော့ မကြီးဘဝမှာ ဒါကတော့ ကလေးတွေရှိတယ်။ ဂိမ်းတွေရှိတယ်။ မကြီးတစ်ယောက် တည်း အားတဲ့နေ့ဆိုရင်တော့ မကြီးတစ်ယောက်တည်း အိပ်ရာထဲမှာနေ အခွေတွေကြည့်၊ ဂိမ်းတွေကစား၊ စာဖတ်ပေါ့ ဒီလောက်ပါပဲ။

၁၂။ အနုပညာနယ်ပယ်မှာ နေရာရဖို့ ကြိုးစားနေတဲ့ဝါသနာရှင်လေးတွေကို အစ်မအနေနဲ့ အကြံပြုအားပေးစကားတစ်ခွန်းလောက် ပြောပေးပါဦး။

ကလေးတွေကိုကျတော့ မကြီးကလေစာများများဖတ်စေချင်တာပါပဲ။ စာဖတ်ပါ။ မကြီးတို့ ပြောတာ ဆိုတာတွေက အလကားပဲ စာဖတ်ရင် စာဖတ်ခြင်းအားဖြင့် စာဆိုတာလည်း အမျိုးစုံရှိတာပေါ့နော်။ စာအုပ်တွေ အများကြီးဖတ်ခြင်းအားဖြင့် သူတို့ကို စာအုပ်တွေက ဆုံးမပေးလိမ့်မယ်။ ဘယ်လိုစာအုပ်တွေ ဖတ်ရမလဲဆိုတာ ကိုတော့ သူတို့တွေ ရွေးချယ်တတ်ဖို့လိုတာပေါ့နော်။

၁၃။ အစ်မကို အခုချိန်ထိအားပေးလာတဲ့ပရိသတ်ကြီးအတွက်လည်း အမှတ်တရ စကားလေး ပြောပေးပါဦး အစ်မ။

ပရိသတ်ကို မကြီးကျေးဇူးတင်ပါတယ် ဆိုတာထက် ပိုပြီးကျေဇူးတင်ပါတယ်လို့။

အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် မကြီးစိုးကို အထူးကျေးဇူး တင်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အောင်မြင်မှုသရဖူဆောင်းနိုင်ပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းပေးလိုက် ပါတယ်ရှင်။