မနက်ခင်းတစ်ခုမှာပေါ့။ (၆) နှစ်အရွယ်ကလေးမလေးတစ်ယောက်နဲ့ သူ့မိခင်ဟာ မဖွင့်သေးတဲ့ စတိုးဆိုင်ရှေ့မှာရပ်ပြီး ဆိုင်ဖွင့်မယ့်အချိန်ကို စောင့်နေခဲ့တယ်။ ကလေးမလေးရဲ့ ဆံပင်လေးတွေက လေအဝှေ့မှာ လှပစွာဝဲဖြာနေပြီး အပြစ်ကင်းတဲ့မျက်နှာလေးမှာ ရိုးသားမှုလေးတွေ ထင်ဟပ်နေပါသတဲ့။
ဒီလိုနဲ့ ရုတ်တရက်ဆိုသလို မိုးတွေရွာချလာပါတယ်။ မိုးကသည်းလာတာကြောင့် လမ်းသွားလမ်းလာတွေလည်း စတိုးဆိုင်ရဲ့ တံစက်မြိတ်အောက်မှာ မိုးလာခိုကြတယ်။ တချို့လူတွေက အေးအေးဆေးဆေးပဲ မိုးခိုနေကြသလို၊ တချို့လူတွေကတော့ မိုးကြောင့် စိတ်ကသိကအောက်ဖြစ်ဟန်နဲ့ မိုးခိုနေကြပါတယ်။
လူတွေအားလုံးကိုယ့်အတွေးနဲ့ကိုယ် တိတ်ဆိတ်စွာမိုးခိုနေကြတုန်း ကလေးမလေးရဲ့ ချစ်စဖွယ်အသံလေးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတယ်။
“မေမေ… မိုးရေထဲမှာ လမ်းလျှောက်ရအောင်”
“ဘယ်လို” မိခင်ဖြစ်သူက တအံ့တသြနဲ့ ပြန်မေးတယ်။
ကလေးမလေးက မိုးစက်တွေကိုကြည့်ရင်း-
“မိုးရေထဲမှာ လမ်းလျှောက်ရအောင်လို့” လို့ ပူဆာသလိုပြောလိုက်တယ်။
မိခင်ဖြစ်သူက “မရဘူးလေ သမီးရယ်၊ မိုးနည်းနည်းစဲသွားတဲ့ အထိ စောင့်လိုက်ရအောင်နော်” လို့ ချော့မော့ရင်း ပြောခဲ့တယ်။
မိခင်ဖြစ်သူရဲ့ ချော့မော့မှုကြောင့် ကလေးမလေး ခဏတော့ စောင့်နေလိုက်တယ်။ ဒါပေမဲ့ တစ်မိနစ်လောက်လည်းကြာရော
“မေမေ… မိုးရေထဲမှာ လမ်းလျှောက်ရအောင်လေ… နော်” လို့ ထပ်ပြောခဲ့တယ်။
“မေမေတို့ မိုးရေထဲလမ်းလျှောက်ရင် တစ်ကိုယ်လုံးစိုရွှဲသွားမှာပေါ့” လို့ မိခင်က ပြန်ပြောခဲ့တယ်။
“မစိုပါဘူး မေမေရယ်… မေမေ မနက်တုန်းကပဲ ပြောတယ်လေ”
မိခင်ဖြစ်သူက နားမလည်ဟန်နဲ့
“ဒီမနက်က… ဟုတ်လို့လား။ မိုးရွာထဲ လမ်းလျှောက်ရင် မိုးမစိုနိုင်ဘူးလို့ မေမေဘယ်တုန်းက ပြောမိတာလဲ” လို့ ပြန်မေးလိုက်တယ်။
“မေမေ မမှတ်မိတော့ဘူးလား၊ ဖေဖေ့ကို သူ့ရဲ့ကင်ဆာရောဂါအကြောင်းပြောတုန်းကလေ။ မေမေပဲ ပြောခဲ့တာလေ… ဒါကိုကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်မှုရှိရင် ဘယ်အရာကိုမဆို ကျော်ဖြတ်နိုင်မယ်ဆိုတာလေ။ အခုလည်း မိုးရေထဲမှာ လမ်းလျှောက်နိုင်မယ်လို့ သမီးယုံကြည်ထားတယ်” လို့ ကလေးမလေးက ပြန်ဖြေခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
မိုးခိုနေတဲ့သူအားလုံး တိတ်ဆိတ်သွားကြပြီး မိခင်ဖြစ်သူကလည်း သမီးဖြစ်သူကို ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ ဒါဟာ ၆နှစ်အရွယ်ကလေးလေးတစ်ယောက်ရဲ့ ရိုးစင်းတဲ့ ယုံကြည်ချက်လေးတစ်ခုပါ။ ရိုးသားတဲ့ ယုံကြည်မှုလေးတစ်ခုကို သေသေချာချာမွေးမြူလိုက်တဲ့အခါ တဖြည်းဖြည်းနဲ့ လေးနက်တဲ့သက်ဝင်ယုံကြည်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
နောက်ဆုံးမှာတော့ မိခင်ဖြစ်သူဟာ-
“ဟုတ်တယ်၊ သမီးလေးပြောတာ သိပ်မှန်တာပဲ။ လာ… သမီး၊ မေမေတို့ မိုးရေထဲ လမ်းလျှောက်ရအောင်” ဆိုပြီး သမီးလေးလက်ကိုဆွဲပြီး မိုးရေထဲ ထွက်ခဲ့ပါတော့တယ်။
စာဖတ်ပရိသတ်ကြီးရေ… ဒီပုံပြင်လေးကိုဖတ်ပြီး ကျွန်မကတော့ ယုံကြည်မှုရဲ့ စွမ်းအားကို နားလည်သွားပြီ။ အခက်အခဲတွေ ဘယ်လိုတားဆီးနေနေ၊ ယုံကြည်ချက်လေးတစ်ခုက အားလုံးကို ကျော်လွှားနိုင်အောင် စိတ်ခွန်အားပေးပြီး သတ္တိရှိစေပါတယ်။ သင်တို့ရော… ဒီဇာတ်လမ်းလေးကနေ ဘာတွေကို နားလည်သိရှိသွားလဲ။ Comment Box မှာ ဖြေခဲ့ပါဦးနော်။