မိန်းကလေးတစ်ယောက် ရိုးပုံပေါက်တယ်ဆိုတာ ယောကျာ်းလေးတွေ လည်သလောက်ရှိပါတယ်။

blank

တစ်ခါက ရှေ့နေတစ်ယောက်ဟာ စီးပွားရေးအတွက် အစည်းအဝေးတစ်ခုကို သွားတက်ရောက်ပြီး လေယျာဉ်နဲ့ ပြန်လာသတဲ့။ အရာရာမှာ စီးပွားရေးအကွက်ကျကျ စဉ်းစားတတ်တဲ့ ရှေ့နေကြီးဟာ လေယျာဉ်ကို ဒီတိုင်းစီးလာရတာ ပျင်းလာသတဲ့။ အဲ့ဒါနဲ့ပဲ ရှေ့နေကြီးဟာ သူ့ဘေးမှာ ထိုင်နေတဲ့ မိန်းကလေးကို “ဂိမ်းကစားကြမလား” လို့ အဖော်ညှိသတဲ့။ ကောင်မလေးပုံစံကြည့်ရတာ ရိုးအအပုံပေါက်တယ်ဆိုတော့ သူအနိုင်ရမယ်လို့ ရှေ့နေကြီးက အပိုင်တွက် လိုက်တာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ဂိမ်းက ဒီလိုလေ ကျွန်တော်က ခင်ဗျားကို မေးခွန်းတစ်ခုမေးမယ် ခင်ဗျားဖြေနိုင်တယ်ဆိုရင် ကျွန်တော်ခင်ဗျားကို ၅ ဒေါ်လာပေးမယ်။ မဖြေနိုင်ဘူးဆိုရင် ခင်ဗျားက ကျွန်တော့်ကို ၅ ဒေါ်လာပေး။ တစ်ယောက်တစ်လှည့်စီမေးခွန်းတွေမေးမယ်လေ။ ဘယ်လိုလဲ အပျင်းပြေပေါ့” လို့ပြောသတဲ့။ ကောင်မလေးက “တော်ပြီရှင့်… ကျွန်မအိပ်ချင်လို့” လို့ပြောပြီး တစ်ဖက်ကိုလှည့်ပြီး အိပ်နေလိုက်တော့တယ်။

ရှေ့နေကြီးက လက်မလျှော့သေးဘဲ “ အဲဒါဆို ခင်ဗျားမေးခွန်း ကျွန်တော်မဖြေနိုင်ရင် ဒေါ်လာ ၅ဝဝ ပေးမယ်ဗျာ။ ကျွန်တော့်မေးတာဖြေနိုင်ရင်လည်း ဒေါ်လာ ၅ဝဝ ပေးမယ်။ ခင်ဗျားကတော့ ကျုပ်ကို ၅ ဒေါ်လာပဲပေး။ ကစားရအောင်ဗျာ” လို့ တိုက်တွန်းသတဲ့။ ကောင်မလေးက “ ကောင်းပြီလေ… ရှင်အရင်မေးပါ” လို့ ပျင်းတွဲ့တွဲ့ အသံနဲ့ ပြောလိုက်တယ်။ ရှေ့နေကြီးက “ပထမဦးဆုံးတော့ လွယ်လွယ်လေးပဲ မေးမယ်ဗျာ။ လနဲ့ကမ္ဘာရဲ့ အကွာအဝေးကို ပြောပါ” လို့ မေးလိုက်သတဲ့။ ကောင်မလေးက ချက်ခြင်းပဲ သူမလက်ကိုင်အိတ်ထဲကနေ ၅ ဒေါ်လာထုတ်ပြီး ပေးလိုက်သတဲ့။

ပြီးတော့ “ ကျွန်မအလှည့် နော်။ ကျွန်မမေးမယ့် မေးခွန်းလေးကတော့ တောင်ပေါ်တက်တုန်းက ခြေသုံးချောင်း တောင်အောက်ကိုပြန်ဆင်းလာတော့ ခြေလေးချောင်းဖြစ်သွားတာ ဘာလဲ” လို့ မေးသတဲ့။ ရှေ့နေကြီးဟာ ဘယ်လိုပဲစဉ်းစားစဉ်းစားအဲ့ဒီအဖြေကို သူမသိဘူးတဲ့။  လေယျာဉ်က လေယျာဉ်ကွင်းကို ဆိုက်တဲ့အချိန်အထိ အဖြေကိုရှာမရဖြစ်နေတယ်တဲ့။ အဲဒါနဲ့ပဲ သူက ဒေါ်လာ (၅ဝဝ) ကို အိတ်ထဲက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ထုတ်ပြီး ကောင်မလေးကို ပေးလိုက်တော့တယ်။ ပြီးတော့ “  အဖြေက ဘာလဲ” လို့ ပြန်မေးလိုက်တယ်။ ကောင်မလေးက ၅ ဒေါ်လာ ထုတ်ပေးပြီး “ကျွန်မလည်း မသိဘူး” လို့ ဖြေပြီး လေယျာဉ်ပေါ်က ဆင်းသွားတော့သတဲ့။

ရှေ့နေကြီးကတော့ လေယျာဉ်ပေါ်က လူအားလုံးဆင်းပြီးတဲ့အထိ ၅ ဒေါ်လာလေးကို ကိုင်ပြီး ကျန်နေခဲ့ပါတော့တယ်။