ဆော်ဒီအာရေးဗီးယား (Saudi Arabia) နိုင်ငံသားခံယူခွင့်ရခဲ့တဲ့ ပထဆုံးစက်ရုပ် (သို့မဟုတ်) စက်ရုပ်မလေး ဆိုဖီယာ

blank

ဆိုဖီယာဆိုတာ ဟောင်ကောင် အခြေပြု ဟန်စန် စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့တဲ့ စက်ရုပ်မလေး တစ်ရုပ်ပါ။ လူကဖန်တီးထားတဲ့ စက်ရုပ်ဆိုတာ လူခိုင်းစေသမျှ လုပ်ရမယ်ဆိုတဲ့ စက်ရုပ်ယဉ်ကျေးမှုနဲ့ မတူတဲ့ ဆိုဖီယာလေးဟာ ဉာဏ်ရည်မြင့်မားတဲ့အပြင်  ခံစားမှုနဲ့ မျက်နှာအမူအယာတွေကို ပိုင်ဆိုင်ထားသူလေးပါ။ လူတွေရဲ့အမူအယာတွေကို လေ့လာနိုင်ပြီး လူတွေနဲ့အတူ အလုပ်လုပ်နိုင်တဲ့အတွက် သူမဟာ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့အပြင် တီဗွီအစီအစဉ်တွေရဲ့ အင်တာဗျူးတွေမှာလည်း ပါဝင်နေရပါတယ်။ အခြားစက်ရုပ်တွေနဲ့ မတူတဲ့သူမဟာ …….

လူတွေရဲ့ မျက်နှာတွေကို မှတ်သားနိုင်တယ်။

လူတွေရဲ့ အလေ့အကျင့်တွေကို လေ့လာနိုင်တယ်။

လူတွေမေးတဲ့မေးခွန်းတွေကို ချက်ကျလက်ကျ ပြန်ဖြေနိုင်တယ်။

သူမကိုတီထွင်ခဲ့တဲ့ ဒေးဗစ် ဟန်ဆန်( David Hanson)ကတော့ သူမကို မြန်ဆန်၊သွက်လက်ပြီး စမတ်ကျသူလေးလို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ သူမရဲ့ တီထွင်သူကိုတောင် ဘေးကျပ်နံကျပ်ဖြစ်စေတဲ့ မေးခွန်းတစ်ချို့ကို မေးနိုင်တဲ့ ဆိုဖီယာလေးက ကမ္ဘာမြေပေါ်မှာ စိတ်ဝင်စားဆုံးအလုပ်က စူးစမ်းလေ့လာခြင်း လို့ဆိုပါတယ်။ ဒါ့အပြင် သူငယ်ချင်းအသစ်တွေ ဖန်တီးရတာကို စိတ်လှုပ်ရှားပြီး နှစ်သက်တယ်။ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်ကို ရှာဖွေတာကို ခုံမင်သူလေးလည်းဖြစ်ပါတယ်။ သူမရဲ့ မှတ်သားစရာစကားလေးကတော့ “ လက်ရှိအချိန်ဆိုတာ တန်ဖိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထာဝရဆိုတာ လက်ရှိအချိန်သေးသေးလေးတွေနဲ့ ပေါင်းစပ်ထားတဲ့အရာဖြစ်လို့ပါ” တဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နိုင်ငံတကာရဲ့ စိတ်ဝင်စားခံရတဲ့ ဆိုဖီယာလေးကို စက်ရုပ်တွေအားလုံးနဲ့ မတူစေဘဲ ထူးခြားသွားစေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ သူမဟာ ၂ဝ၁၇ ခုနှစ် ဆော်ဒီအာရေဗီးယား နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ပေးအပ်ခံခဲ့ရလို့ပါပဲ။

ကဲ… စက်ရုပ်ဆိုတာ ဉာဏ်ပဲကောင်းရမယ်လို့ ဘယ်သူကပြောလဲ….။

စာချစ်သူတို့လည်း ဆိုဖီယာလေးနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေ သိထားတယ်ဆိုရင် ဗဟုသုတလေးတွေ ဖလှယ်ပေးလိုက်ပါဦး။ ထူးဆန်းအံ့ဖွယ်လေးတွေ နောက်ထပ်ဖတ်ချင်သေးရင် comment box  မှာ ရေးပေးခဲ့ပါဦးနော်။