ချွေတာစုဆောင်း သူဋ္ဌေးလောင်းလေးတွေ ဖြစ်ချင်ပါသလား။

blank
စာချစ်သူတို့ရေ….

တစ်လလုံးမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး လခထုတ်တဲ့အခါ စုမိဆောင်းမိမရှိတဲ့အပြင် ထုတ်သမျှလခတွေ ကြွေးတွေဆပ်ပြီးကုန်၊ လလယ်ရောက်တော့ ပြန်ချေးသုံး ဒီသံသရာထဲမှာ လည်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ ငွေတွေကို စနစ်တကျစီမံဖို့လိုနေပြီနော်။ ငွေဆိုတာ ဘဝရဲ့အရာအားလုံးမဟုတ်ပေမဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့၊ ငွေကြေးလွတ်လပ်စွာ သုံးစွဲသူတစ်ယောက်ဖြစ်ဖို့ဆိုရင် ငွေတွေကို စုဆောင်းဖို့လိုပါတယ်။ ဒါကြောင့် စာချစ်သူတို့အတွက် အသုံးဝင်မယ့် ငွေစုနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ ငွေကိုရအောင်စုမယ်ဆိုတဲ့ စိတ်မွေးထားပါ။

လခထုတ်လာတာနဲ့ စုမယ့်ပမာဏကို ဖယ်ပြီး အသုံးစရိတ်တွေကို ခွဲခြားလိုက်ပါ။ ဘဏ်တစ်ခုခုမှာ ငွေစုထားတယ်ဆိုရင်လည်း ဘဏ်စာအုပ်ကို မိမိအမြဲမမြင်ရတဲ့ နေရာမှာ သိမ်းဆည်းထားပါ။ ငွေပမာဏတွေကို မြင်ပါများတဲ့အခါ အသုံးကြမ်းတတ်ပါတယ်။

၂။ ငွေတွေကို ဘယ်လိုနေရာတွေမှာ သုံးစွဲနေလဲဆိုတာကို စိစစ်ပါ။

မိမိကိုယ်ကိုမလိမ်ဘဲ ငွေတွေကို သုံးနေတဲ့နေရာတွေကို စိစစ်ပါ။ အသုံးနဲ့အဖြုန်းကို သေချာနားလည်လာတဲ့အခါ မလိုအပ်တဲ့နေရာတွေကို သုံးစွဲမိနေတာတွေကို ရှောင်ကြဉ်လာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အရေးပေါ်အသုံးစရိတ်တွေကို ဖယ်ထားပါ။

မတော်မဆမှုတွေဖြစ်ပွားတဲ့အခါ၊ အလုပ်ထွက်လိုက်တဲ့အခါ၊ နာမကျန်းဖြစ်တဲ့အခါ မိမိကအလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန်မျိုးအတွက် ငွေကိုသပ်သပ်ဖယ်ထားခြင်းအားဖြင့် ငွေအရေးပေါ်လိုတဲ့အခါမှာလည်း ပျာယာခတ်ပြီး ရှာနေစရာမလိုတော့ပါဘူး။

၎။ အခြားငွေရနိုင်တဲ့ အလုပ်တစ်ခု (သို့မဟုတ်) ရင်းနှီးမြှပ်နှံမှု တစ်ခုခုကိုလုပ်ထားပါ။

ဝင်ငွေတစ်ခုတည်းမှာ ရောင့်ရဲနေခြင်းဟာ အနာဂတ်အတွက် ခိုင်မာမှုမရှိစေပါဘူး။ ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီတွေမှာ အစုရှယ်ယာဝင်ထားတာ၊ ဒါမှမဟုတ် ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းတစ်ခုခုကို အစပြုထားတာကလည်း အပိုဝင်ငွေတွေရပြီး ငွေစုစေနိုင်ပါတယ်။

၅။ နောင်ရေးကို ကြိုတွေးထားပါ။

ငွေကြေးနဲ့ပတ်သက်ပြီးနောင်လာမယ့်အရေးတွေကို စဉ်းစားခြင်းဟာ ငွေကိုစည်းကမ်းမဲ့သုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ငွေရအောင်စုမယ်ဆိုတဲ့ စိတ်ကိုမွေးပါ။ ရည်မှန်းချက်တွေ ချမှတ်ပါ။ နှစ်လသုံးလကြာတဲ့အခါ ငွေတွေကို ဘယ်နေရာတွေမှာ ချွေတာနိုင်မလဲဆိုတာကို မြင်ယောင်လာပြီး ယခင်ကထက် ချောင်လည်လာပါလိမ့်မယ်။

စာချစ်သူတို့အနေနဲ့ အထက်ပါအချက်လေးတွေကို လုပ်ဆောင်ကြည့်ပြီး ငွေကြေးစုဆောင်းနိုင်တဲ့သူတွေဖြစ်ကြပါစေရှင်။ သဘောကျနှစ်ခြိုက်ရင် ဝေမျှပေးလိုက်ပါဦး။