ဘယ်တော့မှ ဖြုတ်မချမယ့် တွဲလက်ကလေးတစ်စုံ (သို့မဟုတ်) မိဘ

blank

တစ်ခါက သားအဖနှစ်ယောက်ဟာ ခရီးထွက်လာရင်း အန္တရာယ်များတဲ့ တံတားတစ်ခုနားကို ရောက်လာခဲ့ကြတယ်။ အကြောင်းဖန်လာတယ်။ တံတားကြီးရဲ့အောက်မှာ ချောက်ကမ်းပါးတစ်ခုလည်း ရှိတာကြောင့် တံတားကိုဖြတ်လျှောက်ဖို့ဆိုတာ တကယ်ကို သဲထိတ်ရင်ဖိုပဲပေါ့။ သူ့ရဲ့ သမီးလေးကြောက်နေမှာကို စိုးရိမ်တဲ့ ဖခင်က….

“သမီးရေ… ဖေဖေ့လက်ကို သေချာကိုင်ထားနော်” လို့ စိုးရိမ်တကြီးနဲ့ ပြောလိုက်သတဲ့။ အဲဒီအချိန်မှာ သမီးဖြစ်သူက

“သမီးဖေဖေ့လက်ကိုမကိုင်ဘူး။ ဖေဖေပဲ သမီးလက်ကိုကိုင်ထားပါ”လို့ ပြောတယ်။ ဖခင်ဖြစ်သူက နားမလည်တဲ့အသံနဲ့….

“ဘာကွာလို့လဲ သမီးရယ်။ ဖေဖေက သမီးလက်ကိုပဲ ကိုင်ကိုင်၊ သမီးက ဖေဖေ့လက်ကိုပဲ ကိုင်ထားအတူတူပဲ မဟုတ်လား” လို့ မေးလိုက်တာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“မတူပါဘူးဖေဖေရဲ့ သမီးသာဖေဖေ့လက်ကိုကိုင်ထားတဲ့အခါ ဖေဖေ့လက်ကို လွတ်မိချင်လွတ်မိလိမ့်မယ်။ ဒါပေမဲ့ ဖေဖေကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သမီးလက်ကို လွတ်ပစ်မှာ မဟုတ်ဘူးဆိုတာ သမီးသိနေတယ်လေ”  လို့ ပြန်ဖြေလိုက်တော့သတဲ့။

အမှန်ပါပဲ စာချစ်သူတို့ရေ…

ဘဝမှာ ဘယ်လိုအခြေအနေမျိုးတွေပဲရောက်ရောက် ကျွန်မတို့ကို ချစ်ခြင်းမေတ္တာတွေ အပြည့်အဝပေးနေတဲ့ ကျွန်မတို့ရဲ့ မိဘတွေဟာ ကျွန်မတို့လက်ကို အမြဲတမ်းကိုင်ထားပေးတဲ့ သူတွေပဲမဟုတ်လား။ ဘဝပေးအခြေအနေကြောင့် ကျွန်မတို့ကို အပြည့်စုံဆုံးမထားနိုင်ရင်တောင်မှ သူတို့စွမ်းသမျှနဲ့ အကောင်းဆုံးဖြည့်ဆည်းပေးနေတာကြောင့်လည်း ကျွန်မတို့ဟာ ချောက်ကမ်းပါးတွေကနေ လွတ်မြောက်ပြီး အေးအေးဆေးဆေးဖြတ်ကျော်နေနိုင်တာပေါ့။ ဒါကြောင့် သင့်ဘဝရဲ့ အခိုင်မြဲဆုံး တွဲလက်ကလေးတွေကို သင်ကလည်း တင်းကြပ်စွာ ပြန်လည်ဆုပ်ကိုင်ပေးထားလိုက်ပါနော်။