ဝါသနာကိုအရင်းခံပြီး ကြိုးစားနေတဲ့ ယောဂဆရာမလေး လဝန်းထက်နဲ့ ၅မိနစ်တာအမေးအဖြေ

blank

          ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါ။ ဒီတစ်ပတ်မှာတော့ မိန်းကလေးတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ကို yoga ကျင့်စဉ်၊ အားကစားလေ့ကျင့်ခန်းတွေနဲ့ တည်ဆောက်ထားနိုင်ပြီး အမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့ yoga ဆရာမလေး လဝန်းထက်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူမရဲ့ အင်တာဗျူးလေးကနေ သူမရဲ့လေ့ကျင့်မှုတွေအကြောင်း၊ ကြိုးစားမှုတွေအကြောင်းနဲ့ yoga class တွေအကြောင်းကို လေ့လာကြည့်လိုက်ရအောင်။

၁။ မင်္ဂလာပါ ညီမလေးရေ။ အရင်ဆုံး ညီမလေးအကြောင်းကို ပရိသတ်ကြီးသိအောင် မိတ်ဆက်ပေးပါဦးနော်။

အားလုံးပဲမင်္ဂလာပါရှင်။ ညီမကတော့ ယောဂနည်းပြဆရာမ Mi La Won (မိလဝန်း) ဖြစ်ပါတယ်။

၂။ ညီမလေး အခုလက်ရှိလုပ်ကိုင်နေတဲ့ အလုပ်လေးတွေကိုလည်း ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

အခုလက်ရှိလုပ်တာကတော့ ယောဂကို အိမ်တွေမှာ  One by one လိုက်သင်ပေးတယ်၊ Gym တွေမှာလဲသင်ပေးနေပါတယ်။

၃။ Fitness နဲ့ Yoga ကို ဘယ်အရွယ်ကတည်းက စတင်လိုက်စားခဲ့တာလဲ ညီမ။

Yoga ကို အသက် ၁၇နှစ် ကစပြီး လေ့လာသင်ယူခဲ့တာပါ။

၎။ ညီမရဲ့ လက်ဦးဆရာတွေကိုလည်း ပြောပြပေးပါဦး။

သင်ဆရာ ကြားဆရာ မြင်ဆရာ တွေကတော့အများကြီးပါပဲ။

၅။ အောင်မြင်မှုလမ်းကြောင်းတိုင်းမှာ ဆူးခလုတ်တွေ၊ အတားအဆီးတွေတော့ ရှိစမြဲပေါ့နော်။ ညီမလေးရဲ့ အောင်မြင်မှုလမ်းကြောင်းမှာရော ဆူးငြှောင့်တွေရှိနေလား။ ဘယ်လိုဆူးငြှောင့်တွေလဲ။

အခက်အခဲတွေကတော့ရှိပါတယ်။ဒါပေမဲ့ အရမ်းအမှတ်ရနေလောက်မယ့် အခက်အခဲမျိုးတော့ မရှိပါဘူး။

၆။ ညီမလေးရဲ့ Yoga Class ကို တက်ရောက်တဲ့သူတွေကို ဘယ်လိုနည်းလမ်းလေးတွေ၊ ဘယ်လိုကျင့်စဉ်လေးတွေကို သင်ကြားပေးဖြစ်လဲ။ ပရိသတ်ကြီး သေသေချာချာ သိသွားအောင် class အကြောင်းလေး ပြောပြပေးပါဦးနော်။

သင်တန်းမှာ သင်ကြားပုံက တစ်ရက်နဲ့ တစ်ရက် မတူအောင်သင်ပေးပါတယ်။

ညီမ အဓိက သင်ကြား ပြသပေးတာကတော့ ကျန်းမာရေးကောင်းဖို့အတွက်နဲ့ ခန္ဓာကိုယ်ကျစ်လျစ်လှပဖို့အတွက်ကို အဓိကထား သင်ကြားပေးတာမျိုးပါ။

၇။ Yoga လုပ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်ပါသလဲ။

ယောဂ ကစားခြင်းကြောင့် သွေးလည်ပတ်မှုတွေ အားကောင်းမယ်၊ အိပ်ပျော်မယ်၊ နေလို့ထိုင်လို့ကောင်းပြီး သက်တောင့်သက်သာ ရှိမယ်၊ အသားရေတွေ စိုပြေလှပမယ်။ နုပျိုမယ် စိတ်ဖိစီးမှုတွေ လျော့ကျမယ်။ ဝမ်းချုပ်တာတွေ သက်သာမယ်။ ယောဂကျင့်ရင်ရမယ့် ရလဒ်တွေကတော့ အများကြီးပါပဲ။

၈။ ကျန်းမာဖို့အတွက် သွယ်လျကျစ်လျစ်မှုက ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ပြောပြပေးပါဦးနော်။

သွယ်လျကျစ်လျစ်မှုက အရေးပါတယ် မပြောလို့မရပါဘူး။ ဝတဲ့အခါကျရင်တော့ ရောဂါတွေ ဝင်ရောက်လာဖို့ လွယ်ကူပါတယ်။ ကျန်းမာဖို့အတွက် သွယ်လျကျစ်လျစ်မှုကလဲ တထောင့်တစ်နေ့ရာကနေ ပါဝင်ပါတယ်။

၉။ မိန်းမသားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို confident ရှိတယ်လို့ ဘယ်လိုအခြေအနေမှာ ပြောလို့ရပါသလဲ။ ညီမလေးရဲ့ အမြင်ကို ပြောပြပေးပါဦးနော်။

ညီမအမြင်ကတော့ အဲ့ဒီမိန်းကလေးက အဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်း ဝတ်ဆင်ထားပြီး ခါးမတ်မတ်နဲ့ အပြုအမူတွေကို လုပ်ဆောင်ရင် သူဟာ သူ့ကိုယ်သူ  Confident ရှိတဲ့ လူတစ်ယောက်ပါ။

၁ဝ။ မြန်မာအမျိုးသမီးတွေ တော်တော်များများ အိမ်ထောင်ကျ၊ ကလေးရပြီးသွားရင် အလှအပကို မလိုက်စားတော့ဘဲ အိမ်အလုပ်တွေ၊ မိသားစုအလုပ်တွေကိုပဲ အချိန်ပေးကြတော့တာကို တွေ့နေရပါတယ်။ ခန္ဓာကိုယ်တွေဆိုလည်း ဝပြီးအဆီတွေတက်လာတယ်ပေါ့နော်။ အဲဒီအပေါ်ညီမလေးရဲ့ အမြင်လေးနဲ့ သုံးသပ်ပြီး အကြံကောင်းလေးတွေ ပေးပေးပါဦး။

ညီမကတော့ အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေ ကလေးမွေးပြီး ဝလာပြီး မလှမပဖြစ်တာမျိုး မဖြစ်စေချင်ပါဘူး။ အရင်တုန်းကဆိုရင် နည်းတွေ မသိလို့ပေါ့နော်။ အခုခေတ်ဆိုရင် နည်းလမ်းတွေ အများကြီးရှိလာပြီ။ မိသားစုနဲ့ အိမ်မှုကိစ္စတွေနဲ့ပဲ ကိုယ့်ဘဝကို မနှစ်မြုပ်ဘဲနဲ့ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်အလှအပတွေအတွက် လုပ်ဆောင်စေချင်ပါတယ်။ ကိုယ့်ကျန်းမာရေးနဲ့ အလှအပကို အပြင်မှာသွားလုပ်မှ ရတာမျိုးမဟုတ်ပါဘူး။ အိမ်မှာလည်းပဲ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်လို့ရပါတယ်။ စာအုပ်ဖတ်ပြီးပြုလုပ်တာဖြစ်ဖြစ် Video တွေကြည့်ပြီးဖြစ်ဖြစ် Internet အသုံးပြုပြီး ပြုလုပ်တာဖြစ်ဖြစ် အဓိကက ကိုယ့်အတွက် လုပ်ဖို့ပါပဲ။ အမျိုးသမီးတိုင်းကို လှပစေချင်ပါတယ်။

၁၁။ ကျန်းမာသွယ်လျဖို့ဆိုတာ လေ့ကျင့်ခန်းလုပ်နေရုံနဲ့မရပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ဖို့လည်း လိုပါတယ်။ ဂန္ထဝင်ပရိသတ်ကြီးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုနည်းလမ်းလေးတွေကို မျှဝေပေးပါဦး။

အစားအသောက်အပိုင်းအနေနဲ့ပြောပါဆိုရင် ရေများများသောက်ပါ။

ကော်ဖီ၊ လက်ဖက်ရည်တွေ လျော့သောက်ပါ။ လုံးဝမသောက်ရင် ပိုကောင်းပါတယ်။

အဆီ၊ အစိမ့်၊ အငန်၊ အချို ပုံမှန်ထက် လွန်ကဲတာမျိုးရှောင်ပါ။ သရေစာ လုံးဝရှောင်ပါ။

  • မနက်စာ

လူတစ်ယောက်အတွက် မနက်စာက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့တာလှုပ်ရှားမှုအတွက် ကိုယ်ခန္ဓာကအားရှိဖို့ လိုအပ်ပါတယ်။ ညကအိပ်နေတဲ့အချိန်မှာ အချိန်မှာ အစာအိမ်ထဲမှာ ဘာမှမရှိတော့ပါဘူး။ အဲ့တော့ မနက်စာများများ စားဖို့လိုပါတယ်။ တချို့ဆို မနက်စာမစားရသေးရင် မူးတယ် နားအူတယ် ပျို့တယ် အန်ချင်တယ်၊ နေလို့ထိုင်လို့မကောင်းပဲ မအီမသာ ဖြစ်နေတတ်ပါတယ်။

(၁) အချက်အနေနဲ့ မနက်စာကို ဗိုက်ပြည့်နေအောင်စားပါ။ မနက်စာစားတဲ့အချိန် ၈နာရီမကျော်ရပါဘူး။

  • နေ့လယ်စာ

ဒီအချိန်ကတော့ လူတိုင်းအဲ့ဒီချိန်ဆို ဗိုက်ကအချက်ပြနေပြီလေ  အဲ့တော့ အရမ်းမစားဖို့လိုအပ်ပါတယ်။ နေ့လယ်စာ စားတဲ့အချိန် ၁းဝဝ နာရီမကျော်ရင်ပိုကောင်းပါတယ်။

(၂) အချက်အနေနဲ့ နေ့လယ်စာ မစားခင်မှာ ရေတစ်ခွက် အပြည့် အရင်သောက်ပါ။ ပြီးမှနေ့လယ်စာကို ထမင်းနဲ့ဟင်းနဲ့ပဲ ပန်းကန်လုံး တစ်လုံးစာလောက်ပဲစားပါ။ ထမင်းနဲ့ဟင်း မဟုတ်တဲ့အစားအသောက်မျိုး မစားပါနဲ့။

နေ့လယ်စာနဲ့ ညစာ အချိန်မျိုးမှာ ဘာသရေစာမှ မစားပါနဲ့။

  • ညစာ

(၃) အချက်အနေနဲ့ ညစာကိုကြိုက်တဲ့အချိန်မှာစားပါ။ ဒါပေမဲ့ အိပ်ချိန်နဲ့ နှစ်နာရီ ခွာပြီးတော့စားပါ။ ကြိုက်တာစားပါ၊ ပန်းကန်ပြား တစ်ပြားထက်တော့မကျော်ပါစေနဲ့။

အဆီများတာ အငန်များတာ အချိုများတာတွေ မရပါဘူး။ ထမင်းနဲ့ဟင်းဆိုရင်တော့အကောင်းဆုံးပါ။

အစာစားပြီးရင်တော့ အချိုတည်းတာတို့ ဘာတို့မလုပ်ရပါဘူး။

၁၂။ ညီမလေးရဲ့ Facebook account မှာလည်း ခန္ဓာကိုယ်လှပဖို့အတွက် လေ့ကျင့်ခန်းလေးတွေ တင်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီလို တင်ဖို့ ဘယ်လိုစိတ်ကူးရပြီး တင်ဖြစ်သွားတာလဲ။

Facebook account ပေါ်မှာ ဝေမျှပေးတဲ့ အဓိကရည်ရွယ်ချက်က ကိုယ်ကိုယ်တိုင်လည်း ယောဂရဲ့ကောင်းကျိုးတွေ အများကြီးခံစားရတယ်။ အဲ့ဒီကောင်းကျိုးတွေကို အများကို မျှဝေပေးချင်တာကြောင့်ပါ။

၁၃။ အားကစားနဲ့ Yoga အပြင် ဘာတွေကို စိတ်ဝင်စားသေးလဲ။

Dance အက ကတာကို စိတ်ဝင်စားပါတယ်။

၁၄။ အားလပ်ချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲ။

အားလပ်ချိန်မှာ ယောဂကျင့်တယ်၊ အက ကပါတယ်။

၁၅။ ညီမလေးရဲ့ ရင်ထဲက ရည်မှန်းချက်ပန်းတိုင်က ဘယ်လိုမျိုးလဲ။ ဘယ်လို ဘဝပုံစံမျိုးကို ပိုင်ဆိုင်ချင်ပါသလဲ။

ရည်မှန်းချက်ကတော့ ခန္ဓာကိုယ်လှလှပပနဲ့ ယောဂဆရာမ တစ်ယောက်ဖြစ်ချင်ပြီး မြန်မာနိုင်ငံမှာ လူတန်းစားမရွေးတတ်နိုင်တဲ့ ယောဂရုံ ဖွင့်ချင်တာပါ။

၁၆။ ကဏ္ဍအသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ညီမငယ်လေးတွေအတွက် အားပေးစကားလေးတွေ ပြောကြားပေးပါဦး။

အောင်မြင်အောင်ကြိုးစားနေတဲ့သူတွေအတွက် လောကကြီးမှာ မဖြစ်နိုင်တာမရှိပါဘူး၊ မဖြစ်လာသေးတာပဲ ရှိပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိကို စောင့်ပြီးကြိုးစားသွားပါလို့ ပြောချင်ပါတယ်။

စာချစ်သူတို့ရေ…

ယောဂနည်းပြဆရာမ Mi La Won (မိလဝန်း) ရဲ့ အင်တာဗျူးလေးကိုဖတ်ပြီး စိတ်ဓာတ်ခွန်အားတွေ မြှင့်တက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာချစ်သူတို့လည်း ရည်ရွယ်ချက်တွေကို ပြည့်ဝပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ကြပါစေရှင်။