သမီးကို တစ်စုံတစ်ယောက်က ဝေဖန်အပုတ်ချခဲ့ရင် ဒီနည်းလမ်းတွေနဲ့ ပါးနပ်လိမ္မာစွာ တုံ့ပြန်လိုက်ပါ

blank

မင်္ဂလာပါ သမီးလေးရေ။ မေမေ့ဘဝသက်တမ်းကြာလာတာနဲ့အမျှ မေမေ့မှာ ဘဝကပေးတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ အများကြီး ရလာတယ် သမီးရဲ့။ သမီးဖြတ်သန်းမယ့် ဘဝတစ်လျှောက်မှာလည်း အတွေ့အကြုံအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးကို သမီး သင်ယူလာရလိမ့်မယ်။ အထူးသဖြင့် သမီးကို မကောင်းမြင်ပြီး ဝေဖန်တိုက်ခိုက်ကြသူတွေကြောင့်ပေါ့။

ဒါကြောင့် မေမေ့အနေနဲ့ သမီးကို ဝေဖန်တိုက်ခိုက်လာသူတွေကို ဘယ်လို အနိုင်ယူရမလဲဆိုတာကို ပြောပြချင်တယ် သမီး။

၁။ သမီးရဲ့ အပြစ်လို့ မယူဆပါနဲ့။

သမီးနဲ့သိတဲ့သူတစ်ယောက်က သမီးကို ခံရခက်သည်အထိ ဝေဖန်လာတယ်ဆိုရင် သမီးရဲ့ အပြစ်တစ်ခုလို မယူဆလိုက်ပါနဲ့။ သမီးကို သူက အဆိုးမြင်စိတ်တွေနဲ့ ခါးခါးသီးသီးဝေဖန်တယ်ဆိုတာ သူ့မှာ အဆိုးမြင်စိတ်တွေ များနေလို့ပေါ့။ ဒီတော့ သူ့ရဲ့ အဆိုးမြင်စိတ်တွေကို သမီးဘဝထဲကို အရောက်မခံပါနဲ့။ သမီးရဲ့ ဘဝ၊ သမီးရဲ့ စိတ်သဘောထားကို သမီးသာ အသိဆုံးမဟုတ်လား။

၂။ သူ့ရဲ့ကောင်းကွက်လေးတွေကို မြင်ယောင်လိုက်ပါ။

သမီးကို တစ်ယောက်ယောက်က မကောင်းပြောလာခဲ့ရင် သူ့ရဲ့ စကားလုံးတွေအစား တစ်ချိန်က သူသမီးအပေါ် ကောင်းခဲ့တာလေးတွေကို မြင်ယောင်ကြည့်လိုက်ပါ။ သူ့အတ္တတွေ၊ ဒေါသတွေကြောင့် သမီးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်နေတာလေ။ ဒီအတွက်နဲ့ သမီးကိုယ်သမီးပါ ဒေါသတွေနဲ့ မလောင်မြိုက်ပါစေနဲ့ကွယ်။ မေတ္တာတရားလက်ကိုင်ထားတာက အအေးချမ်းဆုံးပါ။

၃။ ညှာတာထောက်ထားတတ်တဲ့စိတ် မွေးပါ။

လူတစ်ယောက်ဟာ သူ့ဘဝမှာ စိတ်ဓာတ်ကျစရာတွေ၊ မပျော်ရွှင်တာတွေ၊ ဆုံးရှုံးမှုတွေဖြစ်လာတဲ့အခါ ကိုယ့်ဘဝရဲ့ အမှောင်ထုတွေကိုသူတစ်ပါးဆီကူးစက်အောင် လုပ်တော့တာပဲ။ တစ်နည်းအားဖြင့် ပြောရရင်တော့ သူများတွေကို ပြစ်တင်ဝေဖန်တတ်တာပေါ့ သမီးရယ်။ ဒီတော့ သမီးကို တစ်ယောက်ယောက်က ဝေဖန်တိုက်ခိုက်လာရင် သူတို့ဘဝရဲ့ မသာယာမှုတွေကြောင့်ဆိုတာကို နားလည်ပေးပြီး ညှာတာစာနာစိတ်မွေးလိုက်ပါ သမီး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သင်ခန်းစာ ယူပါ။

သမီးယုံမလားတော့ မသိဘူး၊ သမီးဘဝထဲကို ဝင်ရောက်လာတဲ့သူတိုင်းမှာ သမီးကိုပေးမယ့် သင်ခန်းစာ တစ်ခုစီရှိကြတယ်။ အကောင်းအဆိုးတော့ ကွာတာပေါ့။ တစ်ယောက်ယောက်က သမီးကို ဝေဖန်တိုက်ခိုက်လာရင် သူတို့ဆီက သင်ခန်းစာတစ်ခုတော့ ရအောင်ယူလိုက်ပါသမီး။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်ခန်းစာတိုင်းဟာ ဘဝအတွက် တန်ဖိုးရှိတယ်လေ။

၅။ သမီးရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ဆန်းစစ်ပါ။

သမီးကို တစ်စုံတစ်ယောက်က ဝေဖန်ပုတ်ခတ်လာတဲ့အခါ သမီးရဲ့ ကိုယ်ပိုင်ကမ္ဘာ၊ သမီးရဲ့ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ပြန်လည်ဆန်းစစ်လိုက်ပါ။ သမီးကမ္ဘာက သူပြောသလို မကောင်းတဲ့အခြေအနေရောက်နေပြီလား၊ “မရောက်သေးဘူး၊ အားလုံး ပုံမှန်ပဲ” ဆိုရင်တော့ သူဘာပြောပြော ဘာလို့ ဂရုစိုက်နေဦးမှာလဲ သမီးရယ်။ လူအများက သူပြောတဲ့ မကောင်းသတင်းတွေထက် သမီးရဲ့ဘဝကိုပဲ  ပိုပြီး စိတ်ဝင်စားကြမှာလေ။

၆။ ကျေးဇူးသိတတ်တဲ့စိတ် မွေးပါ။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘဝကပေးလာတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေအတွက် ကျေးဇူးတင်တတ်အောင် လေ့ကျင့်ထားပါ သမီး။ ဘယ်သူတွေ ဘယ်လို တိုက်ခိုက်ပါစေ၊ အဲဒီတိုက်ခိုက်မှုတွေကို သမီးဘဝတိုးတက်မှုအတွက် ခွန်အားတွေ ယူဆပြီး ကြိုးစားလိုက်ပါ။ တကယ်အောင်မြင်မယ့်လူဆိုတာ ကိုယ့်ကို ပေါက်လာတဲ့ ခဲတွေနဲ့ ကိုယ်နေဖို့အိမ်တစ်လုံး တည်ဆောက်နိုင်တဲ့သူမျိုးပဲ သမီး။

၇။ သမီးကို ချစ်မြတ်နိုးတဲ့သူ၊ သမီးကို တန်ဖိုးထားတဲ့သူတွေကိုပဲ အာရုံစိုက်ပါ။

လောကမှာ သမီးကို မကောင်းမြင်ပြီး ဝေဖန်အပုတ်ချနေတဲ့သူတွေရှိသလို သမီးကို ချစ်မြတ်နိုးပြီး သမီးရဲ့တန်ဖိုးကို နားလည်တဲ့သူတွေလည်း ရှိနေပါတယ်။ သမီးကို ဝေဖန်တိုက်ခိုက်သူတွေကို ပြန်လည်တိုက်ခိုက်ဖို့ အချိန်ပေးမယ့်အစား သမီးကို ချစ်ခင်ကြင်နာတဲ့သူတွေကို ချစ်ခြင်းမေတ္တာတွေပြန်လည်ဝေမျှဖို့ အချိန်ပေးလိုက်ပါ။ ဘဝဆိုတာ တိုတောင်းလွန်းပါတယ် သမီးရယ်။ သမီးဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

သမီးဘဝလေး ရေလိုအေးပြီး ပန်းလိုမွှေးပါစေလို့ မေမေဆုတောင်းလိုက်ပါတယ်ကွယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။