ဒေါသအပူမီးရဲ့နောက်ကွယ်က မမြင်နိုင်တဲ့ လောင်စာဆီလေးများ

blank

       ပင်လယ်ထဲမှာ မျောနေတဲ့ ရေခဲကျွန်းမျောတွေကို တွေ့ဖူးပါသလား။ သမုဒ္ဒရာထဲမှာ ဟိုဟိုဒီဒီမျောနေတဲ့ ရေခဲကျွန်းမျောတွေရဲ့ အရွယ်အစားကို ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရေမျက်နှာပြင်ပေါ်ကအပိုင်းက သေးငယ်တဲ့အပိုင်းကိုပဲ မျက်စိနဲ့မြင်ရပြီး ရေမျက်နှာပြင်အောက်က အစိတ်အပိုင်းကိုတော့ မမြင်နိုင်လို့ပါပဲ။ ကမ္ဘာကျော်တိုက်တန်းနစ် (Titanic) သင်္ဘောကြီးနစ်မြှုပ်ရတဲ့အဓိကအကြောင်းရင်းကလည်း ဒီလိုရေခဲကျွန်းမျေားကြီးကြောင့်ပါပဲ။

လူတွေရဲ့ ဒေါသစိတ်ဆိုတာလည်း အဲဒီရေခဲကျွန်းမျောကြီးနဲ့တူပါတယ်။ ဒေါသထွက်တဲ့အခါ အပေါ်ယံမှာသာ “ဒေါသ” ဆိုတဲ့စိတ်ကို သိနိုင်ပြီး အတွင်းစိတ်အတွင်းမှာ ဖုံးကွယ်နစ်မြုပ်နေတဲ့ စိတ်ခံစားမှုတွေကို မမြင်နိုင်လို့ပါပဲ။

လူတစ်ယောက်ဒေါသထွက်ပြီဆိုတာနဲ့ ဒေါသစိတ်ရဲ့နောက်ကွယ်ဖြစ်တဲ့ အတွင်းစိတ်နှလုံးမှာ

၁။ ရှက်ရွံ့ခြင်းတွေ

၂။ ကြောက်စိတ်တွေ

၃။ ပူဆွေးခြင်းတွေ

၎။ လှည့်စားခံရခြင်းတွေ

၅။ စိတ်ဓာတ်ကျခြင်းတွေ

၆။ မနှစ်မြို့ခြင်းတွေ

၇။ စိတ်တိုစရာအဖြစ်အပျက်တွေ

၈။ စိတ်ဖိစီးမှုတွေ

၉။ ငြင်းပယ်ခံရခြင်းတွေ

၁ဝ။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ

၁၁။ ကူကယ်ရာမဲ့ခြင်းတွေ

၁၂။ စိုးရိမ်ပူပန်မှုတွေ

၁၃။ မသေချာမရေရာမှုတွေ

၁၄။ အထီးကျန်ဆန်မှုတွေ

၁၅။ ဂုဏ်သိက္ခာကို ထိပါးစော်ကားခံရခြင်းတွေ

၁၆။ မနာလိုသဝန်တိုမှုတွေ

၁၇။ စိတ်မလုံခြုံမှုတွေ

၁၈။ နောင်တတွေ

၁၉။ နာကျင်ခံခက်မှုတွေ

၂ဝ။ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရတာတွေ ရှိနေပါတယ်။

ဒါကြောင့် လူတစ်ယောက်က ကိုယ့်အပေါ်ဒေါသတကြီးပြုမူပြောဆိုလာတယ်ဆိုရင် သူ့ရဲ့ အပေါ်ယံဒေါသကိုပဲမကြည့်ပါနဲ့။ သူ့ရဲ့အတွင်းစိတ်နှလုံးက စိတ်ခံစားမှုတွေကို မြင်အောင်ကြည့်ပါ။ သူတောက်လောင်နေတဲ့ ဒေါသမီးကို ပိုမိုအားပြင်းစေတဲ့ လောင်စာဆီတွေ ရှိနေပါတယ်။ မီးကို မီးနဲ့ငြှိမ်းလို့မရပါဘူး။ အပူတပြင်းတောက်လောင်နေတဲ့မီးကို အေးမြတဲ့ရေနဲ့ပဲ ငြှိမ်းလို့ရတာပါ။

ဒီတော့ ဒေါသကို ဒေါသနဲ့မတုံ့ပြန်ပါနဲ့။ ကိုယ့်အပေါ်ကို အကြောင်းအရင်းကြီးကြီးမားမားမရှိဘဲ ဒေါသထွက်နေတဲ့သူကို “သူ့ရဲ့ အတွင်းစိတ်မှာ ကိုယ်မသိနိုင်တဲ့ ခံစားချက်တွေရှိနေပါလား” ဆိုတဲ့အသိစိတ်လေးနဲ့ မေတ္တာတရားလက်ကိုင်ထားပြီး တုံ့ပြန်လိုက်ပါ။ သူများရဲ့ဒေါသအပူမီးကို ကိုယ့်ဆီမကူးစက်အောင် အေးမြတဲ့မေတ္တာတရားနဲ့ ကာကွယ်ပါ။ ဒါဆိုရင် လောကပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းသာယာပြီး လှပနေမှာ အသေအချာပါပဲ။

သဘောကျနှစ်သက်ရင် SHARE လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။