ကမ္ဘာပတ်မယ့် စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အမျိုးသမီး

blank

          ကတ်စန်ဒရာ ဒီ ပက်ကိုလ် (Cassandra De Pecol)ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာ့နိုင်ငံတိုင်းကို အလည်အပတ်သွားခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။ သူမဟာ သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက်မှာ ကမ္ဘာ့ငြိမ်းချမ်းမှုအတွက် လုပ်ဆောင်ချက်တွေအများကြီးလုပ်ခဲ့ပါတယ်။

သူမ အသက် ၂၅နှစ်ပြည့်တဲ့အချိန်မှာ ဒီလိုကမ္ဘာပတ်ဖို့ စတင်စီစဉ်ခဲ့တာဖြစ်ပြီး ဒီအစီအစဉ်ကို “Expedition 196” လို့အမည်ပေးခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ဘဝအတွက် အမှတ်ရနေစေမယ့်လုပ်ဆောင်ချက်တစ်ခုခုကို ပြုလုပ်ဖို့စိတ်ကူးထားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒေါ်လာ ၂ဝဝဝ ပဲရှိတဲ့ ဘဏ်အကောင့်တစ်ခုနဲ့ ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို နှစ်နှစ်ကြာလည်ပတ်နိုင်ခဲ့တဲ့အချိန်မှာတော့ ခရီးသွားခြင်းဟာ သူမရဲ့ ဝါသနာတစ်ရပ်ဆိုတာကို နားလည်သွားခဲ့ပါတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ ကမ္ဘာတစ်လွှားမှာ ညှာတာကြင်နာမှုတွေ ပြန့်ပွားနိုင်ဖို့ကလည်း သူမရဲ့ ကြီးမားတဲ့ရည်ရွယ်ချက် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် သူမဟာ International Institute for Peace through Tourism (IIPT) ဆိုတဲ့ အဖွဲ့အစည်းနဲ့လက်တွဲတယ်၊ စပွန်ဆာကုမ္ပဏီတွေနဲ့ဆက်သွယ်တယ်၊ လေယာဉ်ခရီးစဉ်ဆွဲတယ်၊ ခရီးသွားမှတ်တမ်းတစ်ခုအနေနဲ့ documentary ရိုက်တယ်။ သူမသွားခဲ့သမျှမှတ်တမ်းတွေအားလုံးကို InstagramYouTube နဲ့ သူမရဲ့ ကိုယ်ပိုင် blog မှာ တင်ဆက်ခဲ့ပါတယ်။

သူမဟာ (၂ဝ၁၇) ဖေဖော်ဝါရီလမှာ တစ်ကမ္ဘာလုံးကို ပတ်နိုင်ခဲ့ပြီး သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူမရဲ့ ကမ္ဘာပတ်ခရီးစဉ်ဟာ လပေါင်း(၂ဝ) မျှသာ ကြာမြင့်ခဲ့တာဖြစ်ပြီး ပထမဆုံးကမ္ဘာပတ်ခဲ့သူအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့ပါတယ်။

“ကျွန်မအတွက်တော့ ဒါဟာ ခရီးတစ်ခုမဟုတ်ပါဘူး။ ဒါဟာ ကျွန်မဘဝနဲ့ချီတဲ့ အထင်ကြီးစရာအလုပ်ကြီးတစ်ခုကို လုပ်နိုင်မယ့် ကံကြမ္မာတစ်ခုပါ။ စံချိန်ချိုးနိုင်ခဲ့တယ်ဆိုတာလည်း ပြိုင်ပွဲတစ်ခုမှာ အနိုင်ရလိုက်သလို ခံစားရပါတယ်။ ကျွန်မရဲ့ အရင်ကနဲ့မတူတော့တဲ့ ကြိုးစားမှုတွေကိုလည်း ကိုယ်တိုင်သက်သေပြနိုင်ခဲ့ပါတယ်”

ခရီးစဉ်တစ်လျှောက်လုံးမှာ သူမဟာ တက္ကသိုလ်တွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ တက္ကသိုလ်တွေမှာ မိန့်ခွန်းပြောတယ်၊ ပွဲတွေ စီစဉ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို ဆန့်ကျင်ပြီး ရောက်လေရာနိုင်ငံတိုင်းမှာ သစ်ပင်စိုက်ပျိုးမှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

သူမရဲ့ ခရီးသွားမှတ်တမ်းအစီအစဉ်မှာ

၁။ သူမရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပုံတွေ

၂။ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို တစ်ယောက်တည်းခရီးသွားခဲ့တဲ့အတွေ့အကြုံတွေနဲ့ တစ်ကိုယ်တော်ခရီးသွားမယ့် အမျိုးသမီးတွေအတွက် အကြံပေးချက်တွေ

၃။ ကိုယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဖို့နည်းလမ်းတွေ

၎။ ခရီးသွားမယ့်သူတစ်ယောက်အတွက် လိုအပ်တဲ့ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်မှု အကြံပေးချက်တွေ

၅။ မျိုးဆက်သစ်တွေအတွက် ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ အမှာစကားတွေ

၆။ ကမ္ဘာပတ်ခရီးသွားလာခြင်းက ပေးခဲ့တဲ့ လူသားပီသမှုတွေ

စတာတွေကို တွေ့နိုင်ပါတယ်။

သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဘယ်တော့မှ မတွန့်ဆုတ်ပါနဲ့။ အခြားသူတွေရဲ့ ဝေဖန်မှုတွေကြောင့်လည်း နောက်မဆုတ်ပါနဲ့။ သင်လိုချင်တာတွေကိုရအောင် တစိုက်မတ်မတ်ကြိုးစားပါလို့လည်း သူမကအကြံပြုပြောဆိုခဲ့ပါတယ်။ တစ်ကမ္ဘာလုံးရအောင် ပတ်မယ်ဆိုတဲ့ ပရိသတ်တွေအနေနဲ့လည်း အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း အောင်မြင်မှုကို ဆွတ်ခူးနိုင်ပါစေနော်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။